ဇေယျာသီရိ ဩဂုတ် ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းအခြေပြုဌာနဆိုင်ရာပေါင်းစုံ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက သာစည်ကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာနေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာက ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ သိကောင်းစရာများနှင့် မေးခွန်းမေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။ ယင်းနောက် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နွယ်နွယ် အောင်က ကျောင်းသား၊ ကျောင်းသူများအား စာပေဖတ်ရှုခြင်းဖြင့် ဗဟုသုတပြည့် ဝစေရန်၊ စာပေ ဝါသနာရှင်များစွာ ပေါ်ထွန်းလာစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်မားလာပြီး စာကောင်းပေကောင်းများကို လေ့လာတတ်စေရန် “အနာဂတ်ဘဝ လှပဖို့ စာဖတ်ကြပါစို့” ခေါင်းစဉ်ဖြင့် ရှင်းလင်းဟောပြောခဲ့ပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်သဉ္ဇာလှိုင်က ဥပဒေအကြောင်းသိကောင်းစရာများ၊ လက်တွေ့ဆောင်ရွက်နေသည့် ဥပဒေ အကြောင်းအရာများ ရှင်းလင်းဟောပြောခဲ့သည်။
ယင်းနောက် နေပြည်တော် ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အမှတ်(၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ်ဝင်းမြင့်နှင့် တာဝန်ရှိသူများက ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ ဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များနှင့် ကျောင်းသား၊ ကျောင်းသူများသိသင့်သည့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းများကိုသိရှိပြီး လိုက်နာကြစေရေး၊ ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းစေရေး ဆောင်ရန်/ ရှောင်ရန်အချက်များကို ရှင်းလင်းဟောပြောခဲ့ပြီး ရွှေတွင်းကုန်းမြို့မရဲစခန်းမှ ဒုရဲအုပ်ဇင်အောင်က မှုယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး သိကောင်းစရာများ ရှင်းလင်းဟောပြောခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည့်မေးမြန်း ချက်များအား ပြန်လည်ဖြေကြားပေးခဲ့သည်။
အဆိုပါဟောပြောပွဲသို့ မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးရဲလှိုင်ဝင်း၊ သာစည်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ပြီး ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)