မိုင်းဆတ် ဩဂုတ် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ဒေသကြက်မျိုးများ ထောက်ပံ့ပေးအပ်ခြင်းကို မယ်နင်ကျေးရွာအုပ်စု မယ်နင်ရွာအုပ်ချုပ်ရေးမှူးရုံးတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပြည်နယ်အစိုးရရန်ပုံငွေဖြင့် အိမ်ထောင်စု(၁၀)စုအတွက် ဒေသကြက်မျိုး (၁၀၀)ကောင်ကို ယနေ့နံနက်(၈) နာရီခွဲက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာနိုင်ထွန်းဦးက ဒေသခံမိသားစုများ၏လူမှုစီးပွားဘဝတိုးတက်စေရန်၊ ဒေသစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအား အခြေခံကျကျ လုပ်ဆောင်သွားနိုင်ရန် ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း၊ ကျေးရွာနေ ပြည်သူများ အလုပ်အကိုင် နှင့် စီးပွားရေးအဆင်ပြေစေရေးအတွက် နိုင်ငံတော်မှထောက်ပံ့သည့် ဒေသကြက်မျိုးများ ပိုမိုတိုးပွားအောင် မွေးမြူစေလိုကြောင်း၊ ကြက်အကောင်ရေတိုးပွားလာပါက မိသားစု တစ်ဖက် တစ်လမ်းမှ ဝင်ငွေရရှိကြောင်းရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး မြို့နယ်တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာစောထက်ဝင်းက ဘိန်းအစားထိုး ဒေသကြက်မျိုးပေးအပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာနိုင်ထွန်းဦး၊ မြို့နယ်တိရစ္ဆာန် မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာစောထက်ဝင်းနှင့် တာဝန်ရှိသူတို့က တစ်အိမ်ထောင်လျှင် ဒေသကြက်ဖတစ်ကောင်နှင့် ကြက်မ(၉)ကောင်နှုန်းဖြင့် မယ်နင်ကျေးရွာရှိ အိမ်ထောင်စု(၁၀)စု လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
မြင့်မောင်