ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ မိုးနဲမြို့နယ် ဟော်နန်းနှင့် လမ်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မိုးနဲ ဩဂုတ် ၁၇

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သောအဖွဲ့သည် နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်သို့ ယမန်နေ့ မွန်းလွဲ‌ပိုင်းအချိန်က မိုးနဲ ဟော်နန်းသို့ရောက်ရှိပြီး မြို့နယ်သမဝါယမ အစည်းအဝေးခန်းမနေရာ၌ ဟောနန်းနှင့်ဆက်စပ်သော ဌာနဆိုင်ရာများ၊ ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့၊ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံခဲ့ရာ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ဦးစိုင်းမောင်ကြီးနှင့် မြို့မိ၊ မြို့ဖ ဦးစိုင်းမျိုးသန့်တို့က ဟောနန်းတည်ရှိမှုနှင့် သမိုင်းကြောင်းကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ရှေးဟောင်းအဆောက်အဦဖြစ်သည့်အတွက် တာဝန်ရှိသူများက ဆက်လက်ထိန်းသိမ်းပေးကြရန်နှင့် ပျက်ဆီးနေသော အပိုင်းများကို ပြည်လည်ပြုပြင် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဟော်ဝင်းအတွင်းရှိ မိုးနဲဟော်၊ မာလိန်တိုင်နှင့် ကြေးနွားရုပ်တို့ကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ် (ပြည်ထောင်စုလမ်း) မိုင်တိုင်အမှတ် (၃၆/၇) ရှင်းလင်းဆောက်နေရာ၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာ‌ရေးနှစ် ပြည်ထောင်စု/ပြည်နယ်‌ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် မူလလမ်းအကျယ် (၁၂) ပေမှ (၁၈) ပေ အကျယ် ကတ္တရာလမ်းချဲ့ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာန ညွန်ကြားရေးမှူး ဦးသူရဇော်က ရှင်းလင်းတင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်ကလမ်းများ သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး၊ သတ်မှတ်ကာလအချိန်ပြီးစီးရေး သက်ဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်ပေးကြရန် မှာကြားခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)