မှော်ဘီမြို့နယ်၊ အ.ထ.က(မင်းရွာ)၌ “လူငယ်စကားဝိုင်း” ကျင်းပ

မှော်ဘီ ဩဂုတ် ၁၇

ကျောင်းသားလူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့်အနာဂတ်တွင် ထူးချွန်ထက်မြက်သည့်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း (မင်းရွာ) တို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ အ.ထ.က (မင်းရွာ)ခန်းမ၌ ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အ.ထ.က(မင်းရွာ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နီအေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးစန်းဝင်းက လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များဖြစ်သော လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များပြင်ပ ဗဟုသုတများရရှိစေရန်၊ အနာဂတ်တွင် ထူးချွန်ထက်မြက်သော လူရည်ချွန်များ ဖြစ်ထွန်းလာစေရန် စသည့်ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ မှော်ဘီမြို့နယ် Book Club အဖွဲ့ အတွင်းရေးမှူး စာရေးဆရာဝင်းနွယ်(ပုသိမ်)နှင့် အ.ထ.က(မင်းရွာ) ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နီအေးတို့က ဦးဆောင်ဆွေးနွေးသူများ အဖြစ်လည်းကောင်း၊ အ.ထ.က(မင်းရွာ)မှ‌ ကျောင်းသား/သူ (၄) ဦးက လူငယ်နှင့်ပညာရေး လူငယ်နှင့်မူးယစ်ဆေးဝါး၊  လူငယ်နှင့်အားကစား၊ လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား/သူများက သိရှိလိုသည့်မေးခွန်းများကိုလည်း ပြန်လည် ဖြေကြား‌ဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ၊ ရသ စာအုပ်စာစောင်များကို တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။

ဝင်းဇော်(မှော်ဘီ)