ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှု

စစ်တွေ   ဩဂုတ်  ၁၇

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းအိမ်ရာများတွင် ဝန်ထမ်းများ၊ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ပြည်နယ်လမ်းဦးစီးဌာနရုံး၊ ခရိုင်နှင့် မြို့နယ်ရုံးများတွင် ဝန်ထမ်းများစုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေး ကြသည်။ ထိုသို့လှည့်လည်ကြည့်ရှုစဉ် ပြည်နယ်ဝန်ကြီးချုပ်က ရုံးပတ်ဝန်းကျင်သန့်ရှင်းသာယာရေး၊ ဝန်ထမ်းများ စည်းစည်းလုံးလုံးဖြင့် နိုင်ငံ့တာဝန်များကို ထမ်းဆောင်နိုင်ရေးတို့ကို ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာ၌ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုရာ ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူးက ဝန်ထမ်းအိမ်ရာသန့်ရှင်းသာယာရေးအတွက် သန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် အိမ်ရာအတွင်း ဝန်ထမ်းများနေထိုင်နေမှုတို့ကို လိုက်လံရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်းအိမ်ရာများ သန့်ရှင်းသာယာလှပရေးအတွက်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ဝန်ထမ်းများက စွန့်ပစ်အမှိုက်များ ကောက်ယူသိမ်းဆည်းခြင်း၊ မြက်ပင်များ၊  ပေါင်းပင်များ၊ ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်းများကို ဆောင်ရွက်ကြသည်။ ထို့ပြင် ရေမြောင်း များအတွင်းရှိ အမှိုက်သရိုက်များကို ရှင်းလင်းခြင်းနှင့် ရေစီးရေလာကောင်းမွန်းရေးတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးဖြစ်စဉ်များကြောင့် မြို့နယ်များမှ စစ်တွေမြို့တွင် ယာယီခိုလှုံလျက်ရှိသည့် တိုက်ပွဲရှောင်ဝန်ထမ်းများက မြို့နယ်အလိုက်ရုံးဖွင့်လှစ်ကာ တာဝန်ထမ်းဆောင်နေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)