သန်လျင် ဩဂုတ် ၁၆
သန်လျင်ခရိုင်ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီတွင် သန်လျင်ခရိုင် သန်လျင်မြို့ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှင်စောပုခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးဆန်းဝင်းက သန်လျင်ခရိုင်တွင်ကျင်းပမည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပမည့် လုပ်ငန်းအစီအစဥ်များအား ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ သန်လျင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်သိုက်ဝင်းက ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပံ့ပိုးကူညီသွားမည့်အစီအစဥ်များအားလည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်းက ပွဲတော်ကျင်းပမည့်အစီအစဥ်များအား ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြသည်။ ထို့နောက် တက်ရောက်လာကြသော ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်ပညာရေးမှူးနှင့်ကျောင်းအုပ်ကြီးများက ကဏ္ဍအလိုက်ဆောင်ရွက်သွားမည့် အစီအစဥ်များအား ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် အခမ်းအနားကျင်းပမည့် သန်လျင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ကျင်းပမည့်ခန်းမ၊ ဖွင့်ပွဲကျင်းပမည့် မုခ်ဦးနေရာ၊ ပြိုင်ပွဲကျင်းပမည့်နေရာများအား လှည်လည်ကြည့်ရှုကြသည်။ သန်လျင်ခရိုင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို (၃၀.၈.၂၀၂၄)ရက်နေ့တွင် အ.ထ.က(၁)သန်လျင်မြို့၌ ကျင်းပရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖြိုးသီဟ (ခရိုင်ပြန်ဆက်)