ကျိုက်ထိုမြို့နယ်တွင် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် အခမ်းအနားကျင်းပ

ကျိုက်ထို ဩဂုတ် ၁၆

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျိုက်ထိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လွင်က အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များဖြစ်သည့် မိခင်နို့စနစ်တကျ တိုက်ကျွေးရေးရက်သတ္တပတ်၊ ငါးနှစ်အောက်နှင့် ကျောင်းနေအရွယ်‌ကလေးများ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်၊ ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်၊ အိုင်အိုဒင်းချို့တဲ့မှုပပျောက်ရေးရက်သတ္တပတ်ကို ဆောင်ရွက်ရာ၌ ကျန်းမာရေးဝန်ထမ်းများ၊ ပူးပေါင်းအဖွဲ့များမှ ထိရောက်အောင်မြင်စွာ ဆောင်ရွက်စေလိုကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန်အတွက် ဉာဏ်စွမ်းရည်ဖွံ့ဖြိုးတိုးတက်သော အနာဂတ် လူချွန်လူကောင်းများပေါ်ထွက်စေရန် အခြေခံကျသည့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုထိရောက်အောင်ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်းမှာကြားခဲ့သည်။

ထို့နောက်မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြိုနယ်ဆရာဝန်ကြီး ဒေါက်တာခွန်မောင်အိုး (ကိုယ်စား) ကျန်မာရေးမှူးအဆင့် (၁) ဦးထွန်းညီညီက ရက်သတ္တပတ်များအလိုက် ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကလေးငယ်များအား ဗီတာမင်အေ တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)