ကျိုက်ထို ဩဂုတ် ၁၆
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကျောင်းကျန်းမာရေးနှင့်ပတ်သက်၍ အသိပညာပေး လုပ်ငန်းဆောင်ရွက်နိုင်ရန် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယမန်နေ့ နေ့လယ်ပိုင်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခွန်မောင်အိုးက အခြေခံပညာရေးဦးစီးဌာနလက်အောက်ရှိ ကျောင်းကျန်းမာရေးသွားရောက်စစ်ဆေးရာတွင် ကျောင်းသား၊ ကျောင်းသူများ အာဟာရချို့တဲ့မှုကြောင့် ကိုယ်ခန္ဓာချို့တဲ့ခြင်း၊ မျက်စိအားနည်းပါးခြင်း၊ သွားကျန်းမာရေးဆိုင်ရာပျက်စီးခြင်း၊ လည်ပင်းအကျိတ်ရောင်ခြင်း အစရှိသည့် လက္ခဏာများတွေ့ရှိရ၍ လိုအပ်သလိုကုသမှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊
ယင်းသို့စစ်ဆေးကုသပေးမှုကို ပညာသင်နှစ်ကုန်ဆုံးချိန်ထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ကျန်းမာရေးမှူးအဆင့် (၁) ဦးထွန်းညီညီက ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးအသိပညာရရှိစေရန်၊ ကျန်းမာရေးအသိပညာပေးပြိုင်ပွဲကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားရာ တက်ရောက်လာသည့် ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများက ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါပြိုင်ပွဲများမှာ မူလတန်းအဆင့် နှစ်သက်ရာပုံ (၂) ပုံနှင့် ကျန်းမာရေးပညာပေးခြင်းအတွက် ရေးဆွဲထားသောပန်းချီပုံများကို ဆေးရောင်စုံခြယ်သခြင်း၊ အလယ်တန်းအဆင့် ဘဝတွက်တာသိမှတ်စရာ ကျန်းမာရေးအသိပညာပေး မေးခွန်းများ ဖြေဆိုခြင်း၊ အထက်တန်းအဆင့် အားကစားနှင့်ကျန်းမာရေး၊ ကျန်းမာရေးနဲ့ညီညွတ်ဖို့၊ ဂိမ်းကစားတာကိုလျော့ကြစို့ အစရှိသည့်မေးခွန်းများကို ဖြေဆိုကျင်းပသွားမည်ဖြစ်ပြီး ထူးချွန်ဆုရရှိသူများကို ဩဂုတ်လနောက်ဆုံးပတ်၌ ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)