ခရမ်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးလှုပ်ရှားမှုနှင့်အသိပညာပေးဟောပြောပွဲကျင်းပ

ခရမ်း ဩဂုတ် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးလှုပ်ရှားမှုနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို အ.ထ.က(၂)မြို့မ၊ မြို့မဂုဏ်ရည်ခန်းမ၌ ယနေ့နံနက် ၉:၃၀ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ရဲက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီးဒေါက်တာခင်မောင်ရင်က ကျန်းမာရေးအကြောင်းသိကောင်းစရာများလည်းကောင်း၊ မြို့နယ်ပညာရေးမှူးဒေါ်အေးသစ်က ကျောင်းသားလူငယ်နှင့်ကျန်းမာရေး၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းကို အကျယ်တဝင့်ဟောပြောခဲ့ကြသည်။

ထို့နောက် မြို့နယ်ကျန်းမာရေးမှူးနှင့် ဝန်ထမ်းများက အာဟာရအုပ်စုများအကြောင်း လက်တွေ့ရှင်းလင်းပြသကြပြီး အပြန်အလှန်မေးမြန်းဆွေးနွေးကြသည်။ ဆက်လက်၍ ကိုယ်ဝန်ဆောင်မိခင်များနှင့်နို့တိုက်မိခင်များအား မိခင်နှင်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ကျန်းမာရေးမှူးများက ဗဟုသုတမေးခွန်းများမေးမြန်းခြင်းများဆောင်ရွက်ခဲ့ပြီး မိခင်နှင့်ကလေးငယ်များအတွက် ထောက်ပံ့ပစ္စည်းများ၊ အာဟာရအစားအစာများအား ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

(ခရမ်း) ပြန်/ဆက်