ဘီးလင်း သြဂုတ် ၁၆
မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းကျန်းမာရေးလှုပ်ရှားမှုတွင် ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ဘီးလင်းမြို့ အ.ထ.က(ကန်သာယာ)ကျောင်း မဟော်သဓာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဘီးလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူအောင်က အဖွင့်အမှာစကားပြောကြားပြီး ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမျိုးမင်းက ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုနှင့် သွေးလွန်တုပ်ကွေးရောဂါအကြောင်းတို့ကို အသိပညာပေးရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အ.ထ.က(ကန်သာယာ)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ကျောင်းကျန်းမာရေးသီးချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး ကျောင်းကျန်းမာရေးလှုပ်ရှားမှု ထူးချွန်ဆုပေးအပ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ မူလတန်းအဆင့် ပန်းချီ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အလယ်တန်းအဆင့် ဉာဏ်စမ်းနှုတ်ဖြေပြိုင်ပွဲနှင့် အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ဘီးလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူအောင်၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးသိန်းသန်းစိုး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းနှင့် တာဝန်ရှိသူအသီးသီးတို့က ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)