တွံတေး သြဂုတ် ၁၆
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးရသူများနှင့် ကျောင်းတွင်းပညာရည်ချွန်ဆုပေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ယုဇနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နိုင်ငံတော်အလံအား အလေးပြုပြီး Grade-12 မှ ကျောင်းသား/ ကျောင်းသူများက "မြန်မာ့ကျောင်း"သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့သည်။ ဆက်လက်၍ အ.ထ.က(၁)ဘင်ခရာအဖွဲ့မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဘင်ခရာတီးဝိုင်းမှ ရဲတပ်ကြပ်ကြီးစမျိုးရာဇာထွန်းရေးစပ်ပေးသော "အ.ထ.က(၁)တွံတေး" တေးသီချင်းဖြင့်ဘင်ခရာအဖွဲ့မှ တီးမှုတ်ဖျော်ဖြေကာ အ.ထ.က(၁)ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သက်မာ၊ ကျောင်းအကျိုးတော်ဆောင် ဒေါ်ချောစုလှိုင်၊ မိဘဆရာအသင်းဦးညွန့်ဝင်းတို့က အမှာစကားများပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးရရှိသူများနှင့် အောင်မြင်သူများအား တာဝန်ရှိသူအသီးသီးက ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် (၆)ဘာသာဂုဏ်ထူးရှင် မဂျန်ညူဝင့်ထည်နှင့် (၃)ဘာသာဂုဏ်ထူးရှင် မမေသဇင်ဇော်တို့က ဆုရကျောင်းသား၊ ကျောင်းသူများ၊ အောင်မြင်သူများကိုယ်စား ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ အလှူရှင်များအား ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်သက်မာက ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ကာ Grade-9 မှကျောင်းသူလေးများက အခြေခံကဗျာလွတ်အကဖြင့် ကပြဖျော်ဖြေပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းတွင်းထူးချွန်သော ကျောင်းသားကျောင်းသူများအား ပညာရည်ချွန်ဆုအသီးသီးကို တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့ကြသည်။
ဆုပေးပွဲအပြီးတွင် Grade-10 မှ ကျောင်းသူလေးများက "တောင်ယာဝင်ချိန်"သီချင်း၊ Grade-10 မှ ကျောင်းသူလေးများက "မြန်မာမလေးပါရှင့်" တေးသီချင်း၊ Grade-11 မှ ကျောင်းသား/ သူများက "ဇာတိမာန်"တေးသီချင်းများဖြင့် ကပြဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။
တွံတေးသား