ဒလမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ဒလ ဩဂုတ် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်၍ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ကုမုဒြာခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးရွှေလှိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန (တာဝန်ခံ) တွဲဖက်နည်းစနစ်မှူး ဒေါ်ခင်လင်းစိန်မှ အိုလံပစ်အားကစားပေါ်ပေါက်လာပုံအကြောင်း ခေါင်းစဥ်ဖြင့် ဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ကျောင်းပေါင်းစုံတိုက်ကွမ်ဒိုအားကစားအဖွဲ့မှ တိုက်ကွမ်ဒိုအားကစားနည်းဖြင့် သရုပ်ပြကပြခဲ့ကြပြီး သရုပ်ပြကပြသောတိုက်ကွမ်ဒိုအားကစားအဖွဲ့အား အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ (တာဝန်ခံ) တွဲဖက်နည်းစနစ်မှူး ဒေါ်ခင်လင်းစိန်က ဂုဏ်ပြုဆုငွေချီးမြှင့်ရာ တိုက်ကွမ်ဒိုအဖွဲ့ခေါင်းဆောင်မှ လက်ခံရယူခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးရွှေလှိုင်က အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာဆွေက လက်ခံရယူခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးရွှေလှိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးစစ်ကြောင်းမှအဖွဲ့ခေါင်းဆောင် မြို့နယ်ပညာရေးမှူး ဒေါမြင့်မြင့်အေးနှင့်အဖွဲ့ဝင်များ ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသောဧည့်သည်များနှင့် ကျောင်းသား၊ ကျောင်းသူဦးရေ (၂၅၀) ဦး တက်ရောက်ခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်ပြပွဲနှင့် မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်အား စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြသည်။

အေးမြမိုး