နေပြည်တော် ဩဂုတ် ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်အတွင်း စိုက်ပျိုးရေး ကဏ္ဍအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ခေတ်မီနည်းပညာများ၊ မျိုးကောင်းမျိုးသန့်များ အသုံးပြုခြင်း၊ မြေကိုစနစ်တကျပြုပြင်ခြင်း၊ သွင်းအားစုများကို ပြည့်မီစွာထည့်သွင်းခြင်း၊ အောင်ရေရရှိရေး ဆောင်ရွက်ခြင်းတို့ဖြင့် ပန်းတိုင်အထွက်နှုန်းများ ပြည့်မီအောင် အစီအမံများ စနစ်တကျရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း၊ သီးထပ်စွမ်းအားများ တိုးတက်ရေး၊ ဆီထွက်သီးနှံနှင့် ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေးနှင့်ပတ်သက်၍ အမျိုးသားရေး ရည်မှန်းချက်တစ်ခုအနေဖြင့် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သဘာဝဘေးကြောင့် ရေကြီးနစ်မြုပ်ပြီး ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါးစိုက်ခင်းများအား အမြန်ပြန်လည်စိုက်ပျိုးနိုင်ရေးကို စီမံဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ လယ်ယာသုံးစက်ကိရိယာများ စက်စွမ်းအားပြည့် ဆောင်ရွက်နိုင်ရေးကို အလေးထားဆောင်ရွက်ရမှာဖြစ်ကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်၍ နို့စားနွားမွေးမြူမှုနှင့် မွေးမြူရေးဇုန်များတွင် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ပြည်တွင်းထွက်ရှိသည့် နို့ထွက်ပစ္စည်းများကို အဆင့်မြင့်နို့ထွက်ပစ္စည်းများအဖြစ် ထုတ်လုပ်နိုင်ရေး၊ မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ပြီး ကုန်ထုတ်လုပ်ငန်းများ တိုးမြင့်အောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံ၍ ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်း၌ စားရေရိက္ခာများ ဖူလုံမှာဖြစ်ကြောင်း၊ MSME ထုတ်ကုန်များကို တိုးတက်ထုတ်လုပ်နိုင်ရေး၊ ပြည်ပပို့ကုန်အဖြစ် တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ပြည်တွင်းထုတ်ကုန်များ ပိုမိုတိုးမြှင့် ထုတ်လုပ်နိုင်ရေးတို့ကို ဝိုင်းဝန်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စားသုံးဆီနှင့် ဝါစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် စက်မှုလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်လာမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် မျိုးကောင်းမျိုးသန့်ရရှိရေး စနစ်တကျ စိုက်ပျိုးရေး၊ မွေးမြူရေးတို့ကို အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နေပြည်တော် အတွင်း Quick Win အစီအမံ (၅) ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကင်းရှင်းစေရေးအတွက် ပညာပေးအစီအစဉ်များ၊ အရေးယူဆောင်ရွက်မှုများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ကြစေလိုကြောင်း၊ နေပြည်တော်ကို ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် စံပြမြို့တော်တစ်ခု ဖြစ်လာစေရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများကို ကဏ္ဍ အလိုက် ဌာနဆိုင်ရာများက ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်မှုအခြေအနေများ၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်ချက်များ၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များ၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)