နေပြည်တော် ဩဂုတ် ၁၆
နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီမှ ကြီးမှူး၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ သဲကောကြီးကျေးရွာအုပ်စု၊ သဲကောကြီး အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများ၊ သဲကောကြီးကျေးရွာအုပ်စုနှင့် အနီးရှိကျေးရွာအုပ်စုများမှ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူ(၂၅၀)ဦး တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် လူငယ်များအနေဖြင့် နိုင်ငံတော်၏ အားထားရမည့် လူစွမ်းအားအရင်းအမြစ်များဖြစ်၍ ကိုယ်ကျင့်တရားနှင့် စာရိတ္တကောင်းမွန်ပြီး ဗလငါးတန်နှင့် ပြည့်စုံဖို့လိုအပ်ပါကြောင်း၊ လူငယ်မျိုးဆက်သစ်များကို အစဉ်တစိုက်စဉ်ဆက်မပြတ် ပြုစုပျိုးထောင်ပြီး လူငယ်များ၏ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်ကြဖို့လိုကြောင်း၊ လူငယ်များအနေဖြင့် မိမိတို့၏ဘဝရည်မှန်းချက် အကောင်အထည်ဖော်ရာတွင် အတတ်ပညာတတ်မြောက်ပြီး ဗလငါးတန်နှင့် ပြည့်စုံအောင် ကြိုးစားကြရမှာဖြစ်ပြီး IT နည်းပညာများ၊ အထွေထွေဗဟုသုတများကို စဉ်ဆက်မပြတ်လေ့လာကာ အရည်အချင်းပြည့်ဝသည့် အသိပညာရှင်၊ အတတ် ပညာရှင်များဖြစ်အောင် ကြိုးစားကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပရခြင်းနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားသည်။
ယင်းနောက် စာရေးဆရာမ ဒေါ်ခင်လယ်လယ်ချစ်က “ယနေ့လူငယ် နောင်ဝယ်အင်အား” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောသည်။
ထို့နောက် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လူငယ်ရေးရာအသိပညာပေးဟောပြောသည့် စာရေးဆရာမ ဒေါ်ခင်လယ်လယ်ချစ်အား ဂုဏ်ပြုလက်ဆောင်ပေးအပ်ပြီး မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က သဲကောကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းအတွက် အားကစားပစ္စည်းများနှင့် ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များကို ကျောင်းအုပ်ကြီးထံ ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူများအား လူငယ်ရေးရာ ဉာဏ်စမ်းပဟေဠိမေးခွန်းများကို မေးမြန်းရာ ဖြေဆိုနိုင်သည့် ကျောင်းသားကျောင်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ဆရာ၊ ဆရာမများနှင့်ကျောင်းသားကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်ကျင်းပြသထားသည့် လူငယ်ရေးရာ အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို စိတ်ဝင်တစားလေ့လာဖတ်ရှုကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် လယ်ဝေးမြို့၊ ဓမ္မရာဇပရိယတ္တိစာသင်တိုက်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနန္ဒာသီရိအား သွားရောက်ဖူးမြော်ကြည်ညိုကာ ဆရာတော်ထံမှ ကိုးပါးသီးလခံယူ ဆောက်တည်ကြပြီး ဝါတွင်းကာလ ဝါဆို၊ ဝါကပ်ကြမည့် သံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းကာ အနုမောဒနာတရားနာကြားပြီး ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)