မန်ကန်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

မန်ကန် ဩဂုတ် ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့တွင် ဒေသနေပြည်သူများနှင့် ကလေးသူငယ်များအား ကလေးအလုပ်သမားနှင့်ပတ်သက်၍ အသိပညာပေးဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက မန်ကန်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါအသိပညာပေးလုပ်ငန်းတွင် မြို့ဦးစီးမှူး ဒေါ်အိဇာချိုနှင့် (ရုပ်သံကျွမ်းကျင်-၃)‌ ဒေါ်အေးကပ်တို့က မြန်မာနိုင်ငံတွင် ကလေးများအား ကလေးအလုပ်သမားအဖြစ်ခိုင်းစေမှု၊ အထူးသဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုများအား လျော့နည်းပပျောက်စေရန်နှင့် တားဆီးကာကွယ်ရန်၊ ဥပဒေအရ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရရှိသည့် ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိ‌ရောက်စွာ ကာကွယ်ပေးရန်၊ အန္တရာယ်ရှိသော အလုပ်နှင့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရသည့် ကလေးအလုပ်သမားများအား ဖယ်ရှားပြီး သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့် သက်မွေးပညာကျောင်းများ တက်ရောက်နိုင်ရေး စီမံဆောင်ရွက်ပေးရန်ဟူသည့် ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃)ရပ်များ၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် ကလေးအလုပ်သမား၏ အလုပ်ချိန်ကန့်သတ်ချက်များ၊ ကလေးအလုပ်သမားများ၏ အဓိပ္ပာယ်သတ်မှတ်ချက်များ၊ ပြစ်မှုများအကြောင်းကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးအ‌ကြောင်းအရာများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးနံရံကပ်စာဆောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

အိဇာချို(မန်ကန်၊ ပြန်/ဆက်)