ကျိုက်မရောမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှု အခမ်းအနားကျင်းပ

ကျိုက်မရော    သြဂုတ်    ၁၆

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ အာဟာရဖွံ့ဖြိုးရေး  ရက်သတ္တပတ်များလှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်  ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌  ပြုလုပ်သည်။

အခမ်းအနားတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်  ဦးစိန်ဝေက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ဇင်ထွန်းက အာဟာရဖွံ့ဖြိုးရေး  ရက်သတ္တပတ်လှုပ်ရှားမှုများအကြောင်း ရှင်းလင်းဆွေးနွေးရာတွင် အာဟာရပြည့်ဝသော  အစားအစာများ စားသောက်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မွေးကင်းစမှခြောက်လအထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးရန်၊ အသက်ခြောက်လမှ တစ်နှစ်ထိ  ကလေးငယ်များအား ဗီတာမင်အေ တစ်သိန်းအား အသက်တစ်နှစ်မှ ငါးနှစ်အထိ  ကလေးငယ်များအား ဗီတာမင်အေ နှစ်သိန်းအားနှင့် အသက်နှစ်နှစ်မှ ငါးနှစ်အထိ ကလေးများအား သန်ချဆေးတိုက်ကျွေးခြင်းစသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်စတုတ္တသီတင်းပတ်တွင် အိုင်အိုဒင်းချို့တဲ့မှု ရောဂါပပျောက်ရေးနှင့် အာဟာရဖြည့်စွက်ရေး ရက်သတ္တပတ်များဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။ ဆက်လက်၍ ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရဖြည့်အစားအစာနှင့်ကြက်ဥများကို ပေးအပ်ခဲ့ကြောင်းသိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)