မက်မန်းမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မက်မန်း ဩဂုတ် ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် ခရိုင်သန်းခေါင်စာရင်းကော်မတီဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီ အချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးကျော်သောင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်မှူး ဦးသန်းဌေးက သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းစီမံချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ခရိုင်သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များက သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်၊ ပြန်/ဆက်)