ပန်းဘဲတန်း နိုဝင်ဘာ ၁၉
ပန်းဘဲတန်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား မိသားစုစာရင်း ပိုမိုပြည့်စုံမှန်ကန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
ပန်းဘဲတန်းမြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား မိသားစုစာရင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြန်လည်စစ်ဆေးပြီး၊ ရပ်ကွက်အတွင်း နေထိုင်သော ပြည်သူများ ပွင့်လင်းမြင်သာစွာ သိရှိစေရန် ဆောင်ရွက်ခြင်း၊ ဝင်ငွေနည်းမိသားစု အမှန်တကယ်ဖြစ်ကြောင်း ထောက်ခံချက်များနှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် လျှောက်ထားနိုင်ရေး ကြေညာပေးရန်၊ လျှောက်ထားလာသော ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားဖြစ်ကြောင်း ဝန်ခံချက်နှင့်အတူ စာရင်းမှန်ကန်ပြည့်စုံစေရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိ၊ ရပ်ဖများက ပြန်လည် စိစစ်ပြီးသော စာရင်းကို မြို့နယ်စီစစ်ရေးအဖွဲ့၊ မြို့နယ်စီမံခန့်ခွဲရေး ကော်မတီနှင့် လွှတ်တော် ကိုယ်စားလှယ်များဖြင့် ပြန်လည်စစ်ဆေး အတည်ပြုခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် နှစ်ဦးက ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
တက်ရောက်လာကြသော ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ၊ ရပ်ဖများက ရပ်ကွက်အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ အစည်းအဝေးသို့ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ၊ ရပ်ဖများ၊ ရပ်ကွက်စာရေး ဝန်ထမ်းများ စုစုပေါင်း (၃၅)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
နေခြည် (ပြန်/ဆက်)