တာချီလိတ်မြို့ ဒုတိယအကြိမ် ရေကြီးရေလျှံဖြစ်ပွားပြီးနောက် သန့်ရှင်းရေးများစတင်ဆောင်ရွက်

တာချီလိတ် သြဂုတ် ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မိုးအဆက်မပြတ်ရွာသွန်းခြင်းနှင့် မယ်ဆိုင်ချောင်းရေ မြင့်တက်လာခြင်းကြောင့် သြဂုတ်လ (၁၂) ရက်နေ့မှစ၍ ဒုတိယအကြိမ် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ယနေ့နံနက်ပိုင်းတွင်  ရေများပြန်လည်ကျဆင်းသွားပြီဖြစ်သည်။

တာချီလိတ်မြို့၏ မယ်ဆိုင်ချောင်း၏ စိုးရိမ်ရေမှတ်သည် (၃၉၀) စင်တီမီတာဖြစ်ပြီး ယနေ့နေ့လယ် (၁၂) နာရီအချိန် တိုင်းတာချက်အရ (၂၉၄)  စင်တီမီတာသို့ လျော့နည်းကျဆင်း သွားပြီဖြစ်၍ ပုန်းထွန်ရပ်ကွက်၊ တာလော့ရပ်ကွက်၊ မကာအိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်းနှင့် ကပ်လျက်လမ်းများ၊ မြို့တွင်းလမ်းမကြီးများ၊ စျေးများနှင့် စာသင်ကျောင်းများ၌ သန့်ရှင်းရေးများ စတင်ဆောင်ရွက်နေပြီဖြစ်သည်။

ထိုသို့ဆောင်ရွက်ကြရာ ခရိုင်နှင့်မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့တို့၏ လမ်းညွှန်မှုဖြင့် ဦးစားပေးအဆင့်များ သတ်မှတ်ပြီး အုပ်စုခွဲ၍ စည်ပင်သာယာ၊ တပ်မတော်၊ ရဲတပ်ဖွဲ့၊ မီးသတ်၊ ကြက်ခြေနီ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေကြကြောင်း သိရသည်။

အေးအေးလတ်