တာချီလိတ် ဩဂုတ် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ အ.ထ.က(ခွဲ) ရန်အောင်မြေကျောင်း၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဌာနဆိုင်ရာများပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးလတ်က လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများကိုလည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃ ဦးမြင့်သန်းက စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးခြင်း၊ လူငယ်နှင့်စာပေအကျိုးကျေးဇူးကိုလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးဝင်းသူက ရေထုညစ်ညမ်းခြင်းကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များကိုလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ပေါ်လင်းက ရေကြီးမှုအန္တရာယ်အကြောင်းကိုလည်းကောင်း၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်အကြောင်းကိုလည်းကောင်း ၎င်းတို့သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး အသိပညာပေးဟောပြောခဲ့ကြသည်။
ထို့နောက် အ.ထ.က(ခွဲ) ရန်အောင်မြေကျောင်းစာကြည့်တိုက်အတွင်း၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များ၊ သုတ၊ ရသ စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူလေးများက လေ့လာဖတ်ရှုခဲ့ကြပြီး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေးခြင်း၊ ပုံပြောခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)