သနပ်ပင်မြို့နယ်၌ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ

သနပ်ပင် ဩဂုတ် ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာခွန်စောထွန်းနှင့် ဝန်ထမ်းများ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဝင့်သီရိအောင်နှင့်အဖွဲ့ဝင်များက မိခင်နို့တိုက်ကျွေးရေး ပညာပေးခြင်း၊ စနစ်မှန်မိခင်နို့တိုက်ကျွေးခြင်း သရုပ်ပြသခြင်းတို့ပြုလုပ်ပြီး ငါးနှစ်အောက် ကလေးအာဟာရဖွံ့ဖြိုးရေးအတွက် ကလေးငယ်များအားအရပ်တိုင်းခြင်း၊ ကိုယ်အလေးချိန် ချိန်ခြင်း၊ ဗီတာမင်အေတိုက်ကျွေးခြင်းနှင့် အာဟာရစံချိန်မပြည့်မီသော ကလေးများအား အဟာရမှုန့်ထုပ်များဖြန့်ဝေပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)