နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ တောင်သူများနှင့်တွေ့ဆုံ

ပုဗ္ဗသီရိ ဩဂုတ် ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊  ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ တောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် သပြေတန်းကျေးရွာအုပ်စု၊ ငွေလျှံကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက် သာသနာပါဓမ္မဗိမ္မာန်တော်၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ကောင်စီအတွင်းရေးမှူး  ဦးခင်မောင်ဆန်း၊ နေပြည်တော်တိုင်း မြေစရင်းဦးစီးမှူး ဦးတင်ထူး၊ ဇေယျာသီရီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ဦးဇေယျာမင်း၊ ဇေယျာခရိုင်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး မောင်မောင်ဦး၊ ပုဗ္ဗသီရီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ အေးမြင့်သာယာအုပ်စု၊ ဘဲကုန်းအုပ်စု၊ သပြေကုန်းအုပ်စု၊ ညောင်ပင်ကြီးစုအုပ်စုနှင့် သပြေတန်းအုပ်စုရှိ တောင်သူများ တက်ရာက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးရဲမိုးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးစသည့် အမျိုးသားရေးရည်မှန်းချက်နှစ်ရပ် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊  တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာပေါများရေးအတွက် အဓိကလိုအပ်ချက်တွင် ပြည်တွင်းထုတ်ကုန်များ ပြည့်ဝစွာ ထုတ်လုပ်နိုင်ရေးပင်ဖြစ်ကြောင်း၊ သီးထပ်စွမ်းအားများ တိုးတက် အောင် စနစ်တကျ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ဆီထွက်သီးနှံများ အထွက်နှုန်း ပြည့်ဝစွာဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဆီထွက်သီးနှံများကို တစ်ဧက အထွက်နှုန်းအတိုင်း ပြည့်ဝစွာထွက်ရှိအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်းစားသုံးဆီလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး ပြည်ပငွေသုံးစွဲမှု လျော့ချနိုင်မှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ မျိုး၊ မြေ၊ ရေ၊ နည်းစသည့် အချက်လေးချက်သည် အဓိကအရေးကြီးသဖြင့် စနစ်တကျအသုံးချရန် လိုအပ်သကဲ့သို့ အထွက်နှုန်း ကောင်းမွန်ရန်နှင့် ကုန်ထုတ်စွမ်းအား မြင့်မားတိုးတက်စေရန်အတွက် သီးနှံပုံစံများ ပြောင်းလဲစိုက်ပျိုးကြရန် လိုအပ်ပြီး တောင်သူအသိပညာပေးစင်တာ(KC)များတွင်လည်း တောင်သူအသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရန်တွင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ လယ်ယာမြေပေါ်တွင် သီးနှံစိုက်ပျိုးမှုနှင့် ခြံစည်းရိုးခတ်ထားသည့် တောင်သူများအနေဖြင့် လယ်ယာမြေဥပဒေကို လေးစားလိုက်နာရန် လိုအပ်ကြောင်း ဆွေးနွေး‌ ပြောကြားခဲ့ရာ နေပြည်တော်တိုင်းမြေစရင်းဦးစီးမှူး ဦးတင်ထူးက မြေယာနှင့်ပတ်သက်သည့် အကြောင်းအရာများအား ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသည့် တောင်သူများက လိုအပ်သည်များကို တင်ပြကြရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)