မုဒုံ သြဂုတ် ၁၆
မွန်ပြည်နယ်၊ မုဒုံမြို့တွင် မြို့နယ်အဆင့်ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ ကျောင်းသား/သူများအား ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် အာဟာရကျွေးမွေးခြင်းကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က(၁)၌ ပြုလုပ်သည်။
ဟောပြောပွဲတွင် မုဒုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးနိုင်က အာဟာရဖွံ့ဖြိုးရေးရောဂါကာကွယ်စေသော အစာအုပ်စုများအကြောင်း၊ ဆေးလိပ်သောက်ခြင်း၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါး၏ အန္တရာယ်နှင့်ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုနှင့်ပတ်သတ်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။ ထို့နောက်သွားဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများက သွားနှင့်ခံတွင်းကျန်းမာရေး၊ သွေးလွန်တုပ်ကွေးရောဂါများအကြောင်းကို ပြောကြားသည်။
ထို့နောက် ကျောင်းသား/သူများအား အာဟာရကျွေးမွေးခြင်း၊ သွားနှင့်ခံတွင်း၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းနှင့်အခြားသော ကျန်းမာရေးဆိုင်ရာများကို စစ်ဆေးကုသကုပေး၍ လိုအပ်သည့် ဆေးဝါးများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)