တွံတေး သြဂုတ် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် တွံတေးမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော ကလေးသူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အ.ထ.က(၂) ပညာရတနာခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အ.ထ.က(၂)တွံတေးကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးခင်ဇော်ညွန့်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ တွံတေးမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန္တာမိုးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ၊ နည်းဥပဒေဖြစ်ပေါ်လာပုံအဆင့်ဆင့်၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေတွင်ပါရှိသည့် ကလေးသူငယ်တွေရရှိမည့် အခွင့်အရေး (၄) ရပ်၊ ကလေးသူငယ် အသက်အပိုင်းခြားသတ်မှတ်ချက်၊ တရားဥပဒေကိုလေးစားလိုက်နာရန်၊ ကလေးသူငယ်၏ ကျင့်ဝတ်စည်းကမ်းများ ဟောပြောခဲ့သည်။ ယင်းနောက်အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန (တွံတေး) မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဦးမှ ဥပဒေပါပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း ဥပဒေပုဒ်မများအကြောင်း၊ ဥပဒေကိုလေးစားလိုက်နာရန်နှင့် ဥပဒေအား လိုက်နာမှုမရှိဘဲ ချိုးဖောက်ပါက အသက်အပိုင်းအခြားအလိုက် ပြစ်ဒဏ်ပေးခြင်းခံရမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းပြောကြားခဲကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များကိုမေးမြန်းရာ ဦးစီးအရာရှိမှ ပြန်လည်ရှင်းလင်းဆွေးနွေးကာ ဟောပြောပွဲပါ အချက်အလက်များအား ကျောင်းသား၊ ကျောင်းသူများအား မေးမြန်းခဲ့ရာ အကောင်းဆုံးဖြေဆိုနိုင်သူ (၃၀) ဦးအား ဆုများပေးအပ် ချီးမြင့်ခဲ့ကြောင်းသိရသည်။ အသိပညာပေးဟောပြောပွဲသို့ အ.ထ.က(၂)မှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၆၃)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
တွံတေးသား