သန်လျင် နိုဝင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ ၁၈၅၆ ဦးရှိပြီး သေဆုံးသူ ၃၇ ဦးရှိကာ ဆေးရုံမှဆင်းခွင့်ရရှိသူ ၇၀၇ ဦးအထိ ရှိလာပြီဖြစ်ကြောင်းနှင့် ဆေကုသမှုခံယူနေသူ ၁၁၁၂ ဦးရှိနေကြောင်း နိုဝင်ဘာ ၁၈ ရက် ညနေပိုင်းက သန်လျင်မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှု အထောက်အကူပြု ကော်မတီမှ သိရသည်။
သန်လျင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါပိုးရှိသူများနှင့် ထိတွေ့ဆက်စပ်ခဲ့ရာမှ ရောဂါပိုး ကူးစက်ခံရသူများနှင့် ရောဂါပိုးရှိသူများနှင့် ထိတွေ့မှုမရှိဘဲ ရောဂါပိုးကူးစက်ခံရ သူများလည်း ရှိလာသဖြင့် သန်လျင်မြို့နယ်အတွင်း ရောဂါပိုး ကူးစက်ပျံ့နှံ့မှုများအား ထိန်းချုပ်နိုင်ရေးအတွက် သန်လျင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်ကာ မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှု အထောက်အကူပြုကော်မတီများ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ အလှူရှင်များ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများနှင့် ပြည်သူများ ပူးပေါင်းကာ မြို့နယ်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးစည်းကမ်းချက်များအား ပြည်သူများ သိရှိလိုက်နာနိုင်ရေး အသိပေး နှိုးဆော်ခြင်းများနှင့် ရပ်ကွက်နှင့်ကျေးရွာများအတွင်း ပိုးသတ်ဆေးဖျန်းခြင်း၊ ပါးစပ်နှာခေါင်းစည်း Mask များ စနစ်ကျတပ်ဆင်ရေး၊ လက်များအားစနစ်တကျ ဆေးကြောရေးတို့အား အသိပညာပေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်း Mask များအား အခမဲ့ ဖြန့်ဝေပေးခြင်းများအပါအဝင် စားသောက်ရေး အခက်အခဲရှိသော ပြည်သူများသို့ အခြေခံစားသောက်ကုန်များ စုပေါင်း လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
သန်လျင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ရှိ၍ ဆေးဝါးကုသမှုခံယူနေရသူ စုစုပေါင်း ၁၁၁၂ ဦးရှိပြီး ရောဂါပိုးရှိသူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများအား စောင့်ကြည့်စခန်းများ ဖြစ်သော နည်းပညာတက္ကသိုလ် (သန်လျင်)၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ အ.ထ.က (၄)၊ အ.ထ.က (၂)၊ အ.ထ.က (၁) နှင့် မဟာအတုလ သဒ္ဓမ္မရံသီ သာသနာ့ဗိမာန်တော်ကြီး အပါအဝင် စောင့်ကြည့်စခန်း ၆ ခုတို့၌ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်းနှင့် ပြည်သူများ အနေဖြင့် ရောဂါကာကွယ်ရေးအတွက် မလိုအပ်ဘဲ နေအိမ်ပြင်ပမထွက်ကြရန်နှင့် မဖြစ်မနေ ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းတို့အား လုံခြုံစွာ Mask တပ်ဆင်သွားကြရန်၊ လူစုလူဝေး ရှိရာနေများသို့ မသွားကြရန်၊ မည်သည့်အရာကိုမဆို ကိုင်တွယ်ပြီးပါက လက်အားရေနှင့် ဆပ်ပြာတို့ဖြင့် ဆေးကြောကြရန်အပြင် ရောဂါ ကူးစက်ပျံ့နှံ့မှုထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူများအားလုံး ပူးပေါင်းပါဝင်ပေးကြရန် သက်ဆိုင်ရာမှ တိုက်တွန်းနှိုးဆော်ထားရှိကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)