တောင်ကြီး ဩဂုတ် ၁၆
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၄ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်လက်ရွေးစင် အမျိုးသား/အမျိုးသမီးအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပကြောင်း သိရသည်။
အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ဒုတိယကျောင်းအုပ်ကြီး ဒုတိယညွှန်ကြားရေးမှူး ဦးတင်ထွန်းဇော်နှင့် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပြည်နယ်ပြေးခုန်ပစ်ဆပ်ကော်မတီအဖွဲ့ဝင်များ၊ အားကစားနည်းအလိုက် ဖိတ်ကြားထားသော ဆပ်ကော်မတီဝင်များ၊ အားကစားသမားများ တက်ရောက်သည်။
ရှေးဦးစွာ ပြည်နယ်စီးပွားရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ “ရှမ်းပြည်နယ် ကိုယ်စားပြု ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အားကစားသမားများသည် အားကစားဖြင့် အမိနိုင်ငံ၏ ဂုဏ်၊ ပြည်နယ်၏ဂုဏ်ကို မြှင့်တင်နိုင်ပါစေကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ အဓိကတာဝန်ကြီး(၄)ရပ်ဖြစ်သည့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေး၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် အဆင့်အတန်းမြင့်မားစွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် အရှေ့တောင်အာရှမှ အာရှအဆင့်၊ အာရှအဆင့်မှ ကမ္ဘာ့အဆင့်ထိ တက်လှမ်းနိုင်အောင် ကြိုးပမ်းရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် လက်ရွေးစင်အသင်းအနေဖြင့်လည်း တစ်ထောင့်တစ်နေရာမှ ကြိုးပမ်းဆောင်ရွက်ပေးသွားကြစေလိုကြောင်း” ပြောကြားသည်။
ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီးက ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် ရှမ်းပြည်နယ် အမျိုးသား/အမျိုးသမီးအသင်းအား အောင်နိုင်ရေးအလံနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့သည့် ထောက်ပံ့ငွေများကိုပေးအပ်ရာ အသင်းတာဝန်ရှိသူတို့က လက်ခံရယူပြီး အသင်းအုပ်ချုပ်သူမှ စခန်းသွင်းလေ့ကျင့်မှုနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့်အဖွဲ့သည် ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)