အင်းစိန်မြို့နယ်၊ အ.ထ.က(၃)ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြော၊ သရုပ်ပြပွဲနှင့်အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ ကျင်းပ

အင်းစိန် ဩဂုတ် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြော၊ သရုပ်ပြပွဲနှင့်အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက အင်းစိန်မြို့နယ်၊ အ.ထ.က(၃)ကျောင်း၊ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အင်းစိန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းယုက အမှာစကားပြောကြားပြီး အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်သန္တာမြင့်က ဝမ်းပျက်၊ ဝမ်းလျှောခြင်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပြီးနောက် အင်းစိန်ခရိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဉ်ဦးခိုင်က အားကစားဆိုင်ရာ သိကောင်းစရာများကို ဟောပြောကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စန္ဒာထွန်းက စာဖတ်ခြင်း၏အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် ဟောပြောခဲ့ကြသည်။

ထို့နောက် FITNESS DANCE အဖွဲ့များမှ သရုပ်ပြသပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးကလက်ခံရယူကာ သရုပ်ပြအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခဲ့ပြီး အင်းစိန်မြို့နယ်၊ အ.ထ.က(၃)ကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးစီစီက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံးမှ ပြသထားသည့် နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲတို့အား တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့်တာဝန်ရှိသူများက စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)