ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်ရေး စာသင်ကျောင်းဆောင်အသစ်(၁)ဆောင် ဆောက်လုပ်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေး

ကျောက်ဆည် ဩဂုတ် ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ပိုမိုအဆင်ပြေစွာ ပညာသင်ကြားနိုင်ရေး (၂၀၂၄-၂၀၂၅) ခုဘဏ္ဍာနှစ်၌ အမှတ်(၁၆) အခြေခံပညာမူလတန်းကျောင်းတွင်အန္တရာယ်ရှိ စာသင်ကျောင်းဆောင်တစ်ဆောင်အား ဖျက်သိမ်းပြီး ကျောင်းဆောင်အသစ်(၁)ဆောင် ဆောက်လုပ်ပေးနိုင်ရေး မြို့နယ်ပညာရေးမှူး ဦးအေးလင်းနှင့် တာဝန်ရှိသူများမှ ယမန့်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အမှတ်(၁၆)အခြေခံပညာမူလတန်းကျောင်းသည် ကျောက်ဆည်မြို့၊  တံတားလည်ရပ်ကွက်တွင်တည်ရှိပြီး (၂.၃၀)ဧက ကျယ်ဝန်းကာ KG တန်း၌ ကျောင်းသား၊ ကျောင်းသူ(၁၈)ဦး၊ Grade-1 (၁၈)ဦး၊ Grade-2 (၂၀)ဦး၊ Grade-3 (၄၀)ဦး၊ Grade-4 (၂၄)ဦး၊ Grade-5 (၁၈)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၃၈)ဦးရှိပြီး၊ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။ 

စာသင်ကျောင်းဆောင်သစ် ဆောက်လုပ်သွားမည့်အကြောင်းများနှင့်ပတ်သတ်၍ “ကျောင်းမှာက Rc တစ်ထပ် ကျောင်းဆောင်နှင့် အသားခင်း၊အသားကာ တစ်ထပ်စာသင်ကျောင်းဆောင် စုစုပေါင်းစာသင်ဆောင် (၂)ဆောင်သာရှိပြီး အသားခင်း၊အသားကာ စာသင် ကျောင်းဆောင်မှာ နှစ်ကာလ ကြာပြီဖြစ်သည့်အတွက် စာသင်ကြားရာတွင် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအတွက် အန္တရာယ်ရှိသဖြင့် အဆိုပါစာသင်ကျောင်းဆောင်အား ဖျက်သိမ်းပြီး တာဝန်ရှိသူများမှ နိုင်ငံတော်ခွင့်ပြုရန်ပုံငွေ (၅၅၉.၁၈၃)ကျပ်သန်း အကုန်အကျခံကာ ကျောင်းဆောင်အသစ်(၁)ဆောင် ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြတ်သိန်းထံက သိရသည်။

သက်မောင်(ကျောက်ဆည်)