လှည်းကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(အင်းတိုင်)တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

လှည်းကူး သြဂုတ် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်အခြေခံပညာအထက်တန်းကျောင်း(အင်းတိုင်)တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်စကားဝိုင်းနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(အင်းတိုင်)၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးခင်ဇော်က အဖွင့်အမှာစကားပြောကြားပြီး လက်ထောက်ပညာရေးမှူးဦးသက်ဦးက လူငယ်များအသိဉာဏ်ပညာဗဟုသုတပိုမိုရရှိစေရန်၊ စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများ တိုးပွားစေရန်၊ လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားပြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးစိုးသိန်းက အားကစားနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပြီး အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမူက လက်ခံရယူသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးနွဲ့နှင့် အ.ထ.က(အင်းတိုင်)မှ အထက်တန်းပြဆရာမ ဒေါ်မေသီတာကျော်တို့က ညှိနှိုင်းရေးမှူး(Moderator)အဖြစ်ဆောင်ရွက်၍ အ.ထ.က(အင်းတိုင်)မှ ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် Grade-10 မှ မကြယ်စင်သော်က လူငယ်နှင့်ပညာရေး၊ Grade-9 မှ မထားအိဝေက လူငယ်နှင့်စာပေ ၊ Grade-9 မှ မမြပွင့်ဖြူက လူငယ်နှင့်ယဥ်ကျေးမှု၊ Grade-10 မှ မောင်စောမင်းပြည့်စုံလင်းက လူငယ်နှင့်နည်းပညာ၊ Grade-10 မှ မရေဇင်ကိုကိုက လူငယ်နှင့်အလုပ်အကိုင်အခွင့်အအလမ်း၊ Grade 10 မှ မောင်သုတဉာဏ်က လူငယ်နှင့်အားကစားစသည့်ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးပြောကြားခဲ့ရာ လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသား/သူများကလည်း မိမိတို့ သိရှိလိုသည်များကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ပြီး အ.ထ.က(အင်းတိုင်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမူက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။  

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေရန် သုတ/ရသ စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို ပြသရာကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)