သင်္ဃန်းကျွန်းခရိုင်၌ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

သင်္ဃန်းကျွန်း သြဂုတ် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့် ပြိုင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်က သင်္ဃန်းကျွန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်က အဖွင့်အမှာစကား ပြောကြားရာတွင် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ တိုင်း၊ ခရိုင်၊ မြို့နယ်အလိုက်ကျင်းပရမည့်နေ့ရက်များ သတ်မှတ်ပြီးဖြစ်၍ ပြိုင်ပွဲဘာသာရပ်အလိုက် ယှဉ်ပြိုင်မည့်စာရင်းများ၊ ပြိုင်ပွဲဝင်အရေအတွက်အလိုက် စာရင်းများပြုစုပေးကြရန်နှင့် ဆပ်ကော်မတီအလိုက် တင်ပြဆွေးနွေးပေးကြရန်၊ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြပါရန် ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ဂီတ(ဌာနမှူး) ဒေါပြုံးမြမြကြည်က အဆိုပြိုင်ပွဲနှင့်ပတ်သက်၍ ဆောင်ရွက်မည့်အစီအစဉ်များ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်ပါမေက္ခ (သဘင်) က အကနှင့်ပတ်သက်၍ ဆောင်ရွက်မည့်အစီအစဉ်များအား လည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် တွဲဖက်ပါမေက္ခ ဦးထွန်းဝဏ္ဏစိုးက အရေး၊ အတီးပြိုင်ပွဲများဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းစီမံချက်မူကြမ်းအား သက်ဆိုင်ရာကော်မတီအလိုက် တင်ပြဆွေးနွေးခဲ့ကြရာ သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်ကယခင်နှစ်က ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် လိုအပ်ချက်များ အားဖြည့်စွက် ဆွေးနွေးပေးခဲ့သည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ဂီတ၊ သဘင်အစည်းအရုံး တာဝန်ရှိသူများက ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲစီမံချက် မူကြမ်းတင်ပြမှုအပေါ် အသီးသီးပြန်လည်ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်ဆက်)