တောင်ကြီး သြဂုတ် ၁၆
အာဟာရဖွံ့ဖြိုးရေးနှင့်သုတေသနဌာခွဲသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့တို့နှင့် ပူးပေါင်းကာ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များအဖြစ် သြဂုတ်လတစ်လလုံး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယမန်နေ့နံနက် (၁၀) နာရီက တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ၂၀၂၄ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ ပြည်နယ်အဆင့်အထိမ်းအမှတ် ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပြည်သူလူထုအနေဖြင့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုစိတ်ဝင်စားပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ရည်ရွယ်၍ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များကို သြဂုတ်လတစ်လလုံး ဗဟိုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်သာမက ခရိုင်၊ မြို့နယ်များတွင် နှစ်စဥ်ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ အာဟာရဖွံ့ဖြိုးရေးလှုပ်ရှားမှုရက်သတ္တပတ်များအဖြစ် ပထမရက်သတ္တပတ်ကို မိခင်နို့ စနစ်တကျ တိုက်ကျွေးရေး၊ ဒုတိယရက်သတ္တပတ်ကို ငါးနှစ်အောက်နှင့် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေး၊ တတိယရက်သတ္တပတ်ကို ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး၊ စတုတ္ထရက်သတ္တပတ်ကို အိုင်အိုဒင်းချို့တဲ့မှုပပျောက်ရေးရက်သတ္တပတ်များအနေဖြင့် သတ်မှတ်ဆောင်ရွက်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်က ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုး ရက်သတ္တပတ်များ လှုပ်ရှားမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုဗီဒီယိုပြသကြောင်း သိရသည်။
ထို့နောက် အသက် (၅) နှစ်အောက် ကလေးများအား အင်အားပြည့် ဗီတာမင်အေဆေးလုံးများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က တိုက်ကျွေးပေးကြပြီး ကလေးများအား ကြက်ဥ၊ ပဲပေါင်မုန့်၊ ဌက်ပျောသီး၊ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့၍ ကိုယ်ဝန်ဆောင်မိခင်များအား အဏုအာဟာရဆေးပြားများနှင့် ကြက်ဥ၊ ကုလားပဲ၊ အိုင်အိုဒင်းဆားများ၊ FoodBasketတို့ကို ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ရှမ်းပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ညိုမီစောနှင့် အဖွဲ့ဝင်များက ပေးအပ်ခဲ့ကြကြောင်းနှင့် စုပေါင်းဓါတ်ပုံရိုက်ကူးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)