ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရန် အတွက် အပြင်ထွက်တိုင်း နှာခေါင်းစည်း (mask) တပ်ဆင် ခြင်းအား အလေးထားလိုက်နာ ဆောင်ရွက်ရန် နေ့စဉ် အသိပညာပေး စစ်ဆေး ဆောင်ရွက်

ကွမ်းခြံကုန်း  နိုဝင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး ၊ တောင်ပိုင်းခရိုင် ၊ ကွမ်းခြံကုန်းမြို့နယ် တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ကူးစက် ပြန့်ပွားမှု မရှိစေရေး အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့မှ နေ့စဉ် လူအများ စုဝေးရာ မြို့မဈေး ကြီး နှင့် လူအများ သွားလာရာ ဗိုလ်ချုပ် လမ်းမကြီးပေါ်တွင် အသိပညာပေး နှိုးဆော်ခြင်း စည်းကမ်း လိုက်နာခြင်းမရှိသူ များအား ဒဏ်ငွေ ဆောင် အရေးယူခြင်း များကို ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့ မနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ  ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့မဈေးကြီး အတွင်း နှင့် မြို့လယ်အဝိုင်း ၊ဇာတိမာန် ခန်းမရှေ့နှင့် ဗိုလ်ချုပ် လမ်းမကြီးပေါ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး ဆောင်ရွက်မှုအား စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ ဝင်များ ဖြစ်သည့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်များ မြို့နယ် စည်ပင်သာယာ အဖွဲ့ဝင်များ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ မြို့မဈေးကြီး  အတွင်း ဈေးရောင်းချသူ ဈေးဝယ်သူများနှင့် မြို့လယ်ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် သွားလာနေသော အများပြည်သူများ ၊ စက်ဘီး ၊အနှေးယာဉ် ၊မော်တော်ယာဉ်များပေါ်တွင် စီးနင်းလိုက်ပါလာ သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွား နေသောကာလ ဖြစ်သဖြင့်  ကျန်းမာရေး နှင့်     အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များကို အလေးထား လိုက်နာကြရန် အသိပေး နှိုးဆော်ခြင်း၊   အပြင် ထွက်တိုင်း နှာခေါင်းစည်း (mask) စနစ်တကျ တပ်ဆင် သွားလာကြရန်၊ လူစုလူဝေးကို ရှောင်ရှားရန် ၊ မကြာခဏ လက်ကိုဆေးကြောရန် ၊ အ‌ကြောင်းကိစ္စမရှိပဲ အပြင်ထွက် သွားလာခြင်း    မပြုလုပ်ရန်၊တို့ကို အသိပညာပေးခြင်း ၊နှာခေါင်းစည်း(mask)တပ်ဆင်လာခြင်း မရှိသော  စည်းကမ်း လိုက်နာခြင်း မရှိသူများအား တစ်ဦးလျှင် ဒဏ်ငွေ (၂၀၀) ကျပ်ပေးဆောင်စေ၍  နှာခေါင်းစည်း (mask) တစ်ခု ပေးပြီး ချက်ချင်း တပ်ဆင်စေခြင်း စသည့် ကိုဗစ်-၁၉ ရောဂါ   ကြိုတင် ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)