ကော့မှူး ဩဂုတ် ၁၆
ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေများ လေ့လာဖတ်ရှုခြင်းအားဖြင့် အသိပညာဗဟုသုတ ကြွယ်ဝပြီး စဉ်းစားတွေးခေါ်မှု အသိဉာဏ်များ ပိုမိုရှင်သန်လာစေရန်ရည်ရွယ်၍ စာဖတ်ရှိန် မြင့်မားရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်လက်ခိုက်ကျေးရွာ မူလွန် (လက်ခိုက်) ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းဌေးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဟောပြောသည့် အကြောင်းအရာများကို ဂရုစိုက်နားထောင်မှတ်သားကြရန် ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ယနေ့ လူငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံတော်၏တာဝန်များကို လက်ဆင့်ကမ်း ထမ်းဆောင်ရမည်ဖြစ်သည့်အတွက် ဗလငါးတန်နှင်ပြည့်စုံစေရန် ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန် အားလပ်ချိန်များတွင်အချိန်ကို အကျိုးရှိစွာအသုံးချသည့်အနေဖြင့် စာအုပ်စာစောင်များဖတ်ရှုကြရန်၊ ဘဝတွင်အောင်မြင်သူများသည် စာပေဖတ်ရှုသူများ ဖြစ်ကြောင်း၊ စာဖတ်ခြင်းဖြင့် အမှားအမှန် အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်ကြောင်းနှင့် စာပေဖတ်ရှုခြင်းကြောင့် ရရှိနိုင်မည်အကျိုးကျေးဇူးများအား ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများ အသိပညာတိုးပွားစေရေးအတွက် မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များ၊ အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များ ပြသထားရာ ကျောင်းသား၊ ကျောင်းသူများစိတ်ပါဝင်စားစွာကြည့်ရှုနေကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)