ချောင်းဆုံ ဩဂုတ် ၁၆
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ထူးချွန်သည့် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့၏ ဦးဆောင်မှုဖြင့် မြို့နယ်အခြေခံပညာဦးစီးဌာနမှ ကျင်းပသော အသက်(၁၈)နှစ်အောက် ကျောင်းသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂) နာရီခွဲအချိန်က မြို့နယ်မီတာ (၄၀၀) အားကစားကွင်းတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ဘောလုံးအဖွဲ့ချုပ်နာယက ဦးသံဒိုင်နှင့် မြို့နယ်ပညာရေးမှူး တာဝန်ခံဆရာကြီး ဦးသန်းမြင့်တို့မှ အမှာစကားပြောကြားကာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် အားကစားသမားများမှ အားကစားသစ္စာအဓိဌာန် ရွတ်ဆိုခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဘောလုံးပြိုင်ပွဲ စတင်နိုင်ရန်အတွက် ဘောလုံးကန်၍ ပြိုင်ပွဲကိုဖွင့်လှစ်ပေးခဲ့ပြီး ပထမနေ့ပွဲစဉ်အဖြင့် ချောင်းဆုံဇုံနှင့် မုရစ်ကလေးဇုံတို့ ယှဉ်ပြိုင်ကစားနေမှုအား တာဝန်ရှိသူများမှ ကြည့်ရှုအားပေးခဲ့ကြသည်။ အဆိုပါ ၂၀၂၄ ခုနှစ် မြို့နယ်ပညာရေးမှူးဖလား အသက် (၁၈) နှစ်အောက် ဘောလုံးပြိုင်ပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဇုံအလိုက် အသင်း(၉)သင်းဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ဩဂုတ်လ ၂၅ ရက်နေ့တွင် အကြိုဗိုလ်လုပွဲစဉ်နှင့် (၂၇) ရက်နေ့တွင် ဗိုလ်လုပွဲစဉ်များကို ကျင်းပသွားမည် ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)