တောင်ကြီး ဩဂုတ် ၁၆
ရှမ်းပြည်နယ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို တောင်ကြီးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပနိုင်ရေး အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre – Taunggyi) အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အစည်းအဝေးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းသန္တာဦးက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ကာယ၊ ဉာဏပြိုင်ပွဲများ ထည့်သွင်းကျင်းပနိုင်ရေး၊ အမှတ်ပေးစည်းမျဉ်းများ၊ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရမည့် မိသားစုဝင်ကျောင်းများမှ ကျောင်းသားဦးရေများ၊ ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပမည့်အခြေအနေများ၊ စာပေဟောပြောပွဲနှင့် စာပေစကားဝိုင်းများ ထည့်သွင်းကျင်းပမည့်အခြေအနေများကို ဆွေးနွေးသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြို့နယ်ပညာရေးမှူးနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာ၊ ဆရာမများက ပြိုင်ပွဲကျင်းပမည့်အခြေအနေများ၊ စာပေဟောပြောပွဲ၊ စာပေစကားဝိုင်း ထည့်သွင်းကျင်းပမည့်အခြေအနေများ၊ အမှတ်ပေးစည်းမျဉ်းများ၊ ပြိုင်ပွဲခေါင်းစဉ်များ၊ အခမ်းအနားပြင်ဆင်ခြင်းများကို ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်း စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို (၁၃)ကြိမ်ကျင်းပရန်လျာထားပြီး ယခုအမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပဆောင်ရွက်မည့်ပွဲတော်သည် တောင်ကြီးမြို့တွင် တတိယအကြိမ်မြောက် ကျင်းပမည့်ပွဲတော်ဖြစ်ကြောင်း သိရှိရသည်။
စိုင်းထွန်း(လားရှိုး)