မော်လမြိုင် ဩဂုတ် ၁၆
မွန်ပြည်နယ်အတွင်း သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများ ဖော်ဆောင်ရေးဦးစီးကော်မတီ၏ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ကျင်းပရာ မွန်ပြည်နယ်အတွင်း သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းများဖော်ဆောင်ရေးဦးစီးကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများဖော်ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ အခြေခံပညာကျောင်းများမှာ ကျောင်းသူ၊ ကျောင်းသားလေးများ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိပြီး ကောင်းမွန်သည့်အလေ့အကျင့်ကောင်းတွေရှိဖို့၊ သာယာလှပအောင် ပြုစုစောင့်ရှောက်တတ်စေဖို့ အထူးအလေးထားပြုစုပျိုးထောင်လေ့ကျင့်သင်ကြားပေးလျက်ရှိပါကြောင်း၊ သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းပေါ်ထွန်းလာရေးအစီအမံများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကို အခြေခံပညာကျောင်းနေအရွယ် လူငယ်များအပြင် မိဘအုပ်ထိန်းသူများ၊ ဆရာ/ ဆရာမများ၊ ဒေသခံပြည်သူများ အားလုံးမှ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နိုင်စေရေး စဉ်ဆက်မပြတ်အင်တိုက်အားတိုက် ဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း၊ မွန်ပြည်နယ်တွင် အမျိုးသားအဆင့်သန့်ရှင်း၍စိမ်းလန်းစိုပြည်သော အကောင်းဆုံးကျောင်းဆုများကို (၂)နှစ်ဆက်တိုက် ဆွတ်ခူးရရှိခဲ့ပြီး ၂၀၂၄-၂ဝ၂၅ ပညာသင်နှစ်တွင်လည်း အဆိုပါ ဆုများရရှိအောင် ကြိုးစားဆောင်ရွက်ပေးစေလိုကြောင်း၊ ပြည်နယ်အတွင်းအခြေခံပညာကျောင်းများအနေဖြင့် မိမိတို့ကျောင်းသန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ဖော်ဆောင်နိုင်ရေး အတူတကွပူးပေါင်း၍ ဘက်ပေါင်းစုံမှ ဆောင်ရွက်ပေးကြရန်နှင့် ကော်မတီဝင်များမှလည်း ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မွန်ပြည်နယ်အတွင်း သန့်ရှင်း၍စိမ်းလန်း စိုပြည်သောကျောင်းများ ဖော်ဆောင်ရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်က ကျောင်းစိမ်းလန်းစိုပြည်ရေး ကိစ္စရပ်များနှင့်ပက်သက်၍ အမှာစကားပြောကြားပြီး ဦးစီးကော်မတီအတွင်းရေးမှူး မွန်ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းများဖြစ်စေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း၊ သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းများဖော်ဆောင်ရေးပံ့ပိုးရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ပညာရေးမှူးမှ သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းများရွေးချယ်နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသော ကော်မတီဝင်များက သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများ ဖော်ဆောင်နိုင်ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဖြည့်စွက်အကြံပြုဆွေးနွေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)