မိတ္ထီလာ ဩဂုတ် ၁၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းဆောင်ရွက်သော စာဖတ်ရှိန်မြှင့်တင်ရေး မူလတန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲမကျင်းပမီ ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားမှူး ဦးမျိုးမင်းဇော်က အမှာစကားပြောကြားပြီး အကဲဖြတ်ဒိုင်ချုပ် စာရေးဆရာ ရွှေညာမြေမြတ်သင်းကြိုင်က ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲကိုကျင်းပရာ အခြေခံပညာအထက်တန်းကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသူ၊ကျောင်း သား ၄၆ ဦးက ပါဝင်ယှဉ်ပြိုင်ကြသည်။ အဆိုပါပြိုင်ပွဲအား ဩဂုတ်လ ၂၂ ရက်နေ့၌ အ.ထ.က(၂)တွင် ကျင်းပမည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ပြိုင်ပွဲများအတွက် ကြိုတင်ကျင်းပခြင်းဖြစ်သည်။ ပြိုင်ပွဲဝင် ၄၆ ဦးအနက် အကောင်းဆုံးပါဝင်ယှဉ်ပြိုင်ခဲ့သူ ၂ဝ ဦးသည် ဩဂုတ်လ ၂၂ ရက်နေ့တွင် ကျင်းပမည့် ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် နောက်ဆုံးအဆင့် ထပ်မံယှဉ်ပြိုင်ကြရမည်ဖြစ်ပြီး ဆုရရှိသူများအား အဆိုပါနေ့တွင် ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ဖြစ်ကြောင်းသိရသည်။
ချမ်းသာ