မန္တလေးမြို့ ဩဂုတ် ၁၆
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးတွင် ကောင်စစ်ဝန်ချုပ်အဖြစ် တာဝန်ထမ်းဆောင်မည့် မစ္စကောင်းဖျင် (Ms.Gao Ping) အား ယမန်နေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့လက်ခံတွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေး အပြန်အလှန်ဖော်ဆောင်နေကြသော နှစ်နိုင်ငံအကြား ကဏ္ဍအသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နေမှုများ၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်ကိုအခြေခံ၍ ဆွေမျိုး ပေါက်ဖော်ဆက်ဆံရေးကို တိုးတက်အောင်ဆောင်ရွက်နေမှုများ၊ နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများကို တစ်ဦးနှင့်တစ်ဦး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တရုတ်ကောင်စစ်ဝန်ချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန် အလှန်ပေးအပ်၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းနိုင်