မင်္ဂလာဒုံမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်

မင်္ဂလာဒုံ ဩဂုတ် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ လူငယ်ရေးရာကော်မတီနှင့်ပူးပေါင်းလျက် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောသရုပ်ပြပွဲကို အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်း (အ.ထ.က-ခွဲ)၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးဝင်းကျော်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားမှူး ဒေါ်ခိုင်ဇာဝေက အားကစားအကြောင်းသိကောင်းစရာများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးစိုးလင်းက မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်နိုင်မိုးက ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာများကိုလည်းကောင်း လူငယ်ရေးရာများနှင့်ပတ်သက်၍ အသီးသီးအသိပညာပေးဟောပြောခဲ့ကြသည်။

ဆက်လက်၍ Fitness Dance အဖွဲ့တို့မှ သရုပ်ပြသ‌ခဲ့ကြပြီး သရုပ်ပြအဖွဲ့အား ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဉ်ဦးခိုင်က ဂုဏ်ပြုဆု‌ငွေပေးအပ်ချီးမြှင့်ခဲ့ပြီး မြို့နယ်အားကစားမှူးဒေါ်ခိုင်ဇာဝေက အ.လ.က(၅)ထ(ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းလှိုင်မြင့်ထံသို့ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ထ(ခွဲ)အ.လ.က(၅)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ စုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မင်းသိန်းထွန်း