မိုင်းကိုင်မြို့နယ်၌ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်း ကွင်းဆင်းဆောင်ရွက်

မိုင်းကိုင် ဩဂုတ် ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် အခြေခံပညာကျောင်းများသို့ ကျောင်းသား ကျောင်းသူများအား ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများကို ကျန်းမာဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ  ယမန်နေ့ က  အ.ထ.က(မိုင်းကိုင်)ကျောင်းသို့  ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါကွင်းဆင်းမှုတွင် မြို့နယ်ကျန်းမာရေးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခမ်းလှိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကူးစက်ရောဂါများကြိုတင်ကာကွယ်ရေး၊ အာဟာရပြည့်ဝမျှတစွာ စားသုံးတတ်စေရန်နှင့် သွားတိုက်နည်းမှန်ကန်စွာ အသုံးပြုနိုင်ရေး အသိပညာပေးဟောပြောခြင်း၊ ကျန်းမာရေးဆိုင်ရာဗဟုသုတများ မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ ကျောင်းသား ကျောင်းသူများအား သွားနှင့်ခံတွင်း ကျန်းမာရေးစစ်ဆေးပေးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးစစ်ဆေးပေးခြင်း၊ အထွေထွေကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးကုသပေးခြင်း၊ ကိုယ်အလေးချိန်နှင့် အရပ်တိုင်းတာပေးခြင်း၊ ခန္ဓာကိုယ်ကြီးထွားမှုစစ်ဆေးပေးခြင်း၊ သံချဆေးတိုက်ကျွေးခြင်းလုပ်ငန်းများ၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းမှုအခြေအနေများကို စစ်ဆေးဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ချော(မိုင်းကိုင်)