ကလောမြို့နယ်၊ ဇောတိကျေးရွာ၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း Bakery & Snack အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်

ကလော ဩဂုတ် ၁၆

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း Bakery & Snack အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက ဇောတိကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူးက အမှာစကားပြောကြားရာတွင် ယနေ့ဖွင့်လှစ်တဲ့ Bakery & Snack အမျိုးမျိုးထုတ်လုပ်မှုသင်တန်းကို မိမိဒေသမှ စိုက်ပျိုးရေးကထွက်ရှိတဲ့သီးနှံများကို အခြေခံပြီးတန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်တတ်အောင် သင်ကြားပေးသွားမှာဖြစ်ပါကြောင်း၊ ဒေသအတွင်းထွက်ရှိတဲ့ အားလူး၊ ပဲမျိုးစုံ၊ ဂျုံတို့ကို အသုံးပြုပြီး စားသောက်ကုန်ထုတ်လုပ်တတ်အောင် သင်ကြားပေးသွားမှာဖြစ်ပြီး စိုက်ပျိုးရေးအခြေခံထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်မှသာ ဒေသအတွင်းစားရေရိက္ခာဖူလုံခြင်းနဲ့ သွင်းကုန်အစားထိုးခြင်းကို ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ ယခုသင်တန်းကို အခြေခံအနေနဲ့ (၁၅.၈.၂၀၂၄) ရက်နေ့မှ (၂၁.၈.၂၀၂၄) ရက်နေ့အထိ (၇) ရက်ကြာဖွင့်လှစ်မှာဖြစ်ပြီးတော့ အဆင့်မြင့်အနေနဲ့ ၂၉-၈-၂၀၂၄ မှ ၄-၉-၂၀၂၄ ထိ သင်ကြားပို့ချပေးသွားမှာဖြစ်ပြီး သင်တန်းမှာသင်ကြားပေးမဲ့ ဘာသာရပ်တွေကတော့ Butter Cake ကွတ်ကီး၊ လျှာပေါ်ဝဲ၊ နံကထိုင်၊ ပူတင်း၊ ကျောက်ကျော၊ Plane Cake သီးစုံကိတ်၊ ကိတ်ခြောက်စတဲ့ မုန့်အမျိုးမျိုးနဲ့ အာလူးကြော်၊ ငှက်ပျောကြော်၊ စာကလေးခွေ၊ ပဲပွကြော်ထုတ်လုပ်နည်းများကို သင်ကြားပေးသွားမှာဖြစ်ပါကြောင်း၊ ဒါ့အပြင် ထုတ်ပိုးမှုပိုင်းဆိုင်ရာတွေ၊ အမှတ်တံဆိပ်တပ်ဆင်ခြင်းဆိုင်ရာတွေနဲ့ ကောင်းမွန်သောကျန်းမာရေး အလေ့အထ(GHP)အကြောင်းတွေကို သင်ကြားပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ရိုက်ကူးခဲ့ကြသည်။

ကလောမြို့နယ်၊ ဇောတိကျေးရွာမှာဖွင့်လှစ်တဲ့ Bakery & Snack အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြင့် ဒေသခံပြည်သူများအနေဖြင့် နည်းပညာများရရှိကာ ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လာနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာနိုင်မှာဖြစ်ကြောင်း သိရရှိသည်။

မြို့နယ်(ပြန်/ဆက်)