ကချင်ပြည်နယ်ဝန်ကြီးချုပ် ရန်ပုံငွေများခွဲဝေချထားရာတွင် စနစ်တကျစီမံခန့်ခွဲနိုင်ရေးအတွက် ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး

မြစ်ကြီးနား သြဂုတ် ၁၅

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့အား သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြည်ရေးနှင့် ပန်းမြို့တော်အကောင်အထည်ဖော်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိ ရာ သြဂုတ် ၁၅ ရက် နံနက် ၇ နာရီခွဲက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ ဆွမ်ပရာဘွမ်လမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာ တာဝန်သူများသည် မြစ်ကြီးနားမြို့ ဆွမ်ပရာဘွမ်လမ်းတစ်လျှောက် ဆမားလမ်းဆုံ မီးပွိုင့်၊ ကျောက်စိမ်းတုံးအဝိုင်း နေရာမှ ဆွမ်ပရာဘွမ်လမ်းနှင့် ရုံးကြီးလမ်းဆုံ မီးပွိုင့်အထိ စည်ပင်သာယာရေးအဖွဲ့ အရာထမ်း/ အမှုထမ်းများ၊ Kachin State Clean & Green Team အဖွဲ့ဝင်များနှင့်အတူ လမ်းဘေးဝဲ/ ယာတို့တွင် အမှိုက်များ ကောက်ယူခြင်း၊ ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ သစ်ပင်ကြီးများ ခုတ်ပေးခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်း အတွင်း ပြည်နယ်ပြေးခုန်ပစ်အကယ်ဒမီက ၂၀၂၄ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲနှင့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကစားသမားများအား စခန်းသွင်းလေ့ကျင့်နေမှု အခြေအနေများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသက် ၂၁ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဆုဖလားရ လက်ရွေးစင်ဘောလုံးအသင်းနှင့် ချစ်ကြည်ရေးခြေစမ်းကစားပွဲ ယှဉ်ပြိုင်ကစားနိုင်ရေး ဌာနဆိုင်ရာလက်ရွေးစင် ညွှန်ပေါင်းအသင်းဖွဲ့စည်းလေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်း ကြိးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဒုတိယနှစ် စက်ဝန်းဖြင့် လုပ်ငန်းစီမံကိန်းများ အမြန်ဆုံးစတင်နိုင်ရေး၊ ရန်ပုံငွေများ ခွဲဝေချထားရာတွင် စနစ်တကျ စီမံခန့်ခွဲနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။

အဆိုပါ အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပထမနှစ်စက်ဝန်းကို အောင်မြင်စွာမြန်ဆန်စွာဆောင်ရွက်နိုင်ခဲ့ပြီး ယခုဒုတိယနှစ်စက်ဝန်းတွင် နယ်မြေအခြေအနေအရ အချိန်ယူဆောင်ရွက်နေရခြင်းဖြစ်သည့်အတွက် မိမိတို့အနေဖြင့် ရန်ပုံငွေများကို လုပ်ငန်းစီမံကိန်းအလိုက် ပြည်သူများလက်ဝယ်သို့ အမြန်ဆုံး ခွဲဝေချထားပေးနိုင်ရေး စီမံဆောင်ရွက် ပေးရမည်ဖြစ်ပါကြောင်း၊ ထိုသို့ ရန်ပုံငွေများကို ခွဲဝေချထားပေးရာတွင် လက်စွဲစာအုပ်ပါအတိုင်း စနစ်တကျဆောင်ရွက်ကြရေး၊ ငွေကြေးခွဲဝေချထားမှု၊ သုံးစွဲမှုနှင့်ငွေစာရင်းရှင်းတမ်းများ စနစ်တကျစီမံခန့်ခွဲနိုင်မှသာ၊ လုပ်ငန်းစီမံကိန်းများ အောင်မြင်အောင်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ပြည်သူများ အကျိုးဖြစ်ထွန်းမှာသာ လုပ်ငန်းအောင်မြင်မည်ဟု သတ်မှတ်နိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့အစည်းအဝေးတွင် ရန်ပုံငွေများစနစ်တကျ စီမံခန့်ခွဲနိုင်ရေးဆွေးနွေးဆောင်ရွက်သွားရန်လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက် ပြည်နယ်အဆင့်ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးရဲမင်းကျော်က လုပ်ငန်းစီမံကိန်းများအလိုက် ဒုတိယနှစ် စက်ဝန်း ရန်ပုံငွေဖြင့် ချေးငွေများ ခွဲဝေချထားပေးမှု အခြေအနေများ၊ ပထမနှစ်စက်ဝန်း (၃) နှစ် စီမံကိန်းမှ ပြန်လည်ရရှိမည့် ရန်ပုံငွေအပါအဝင် ကော်မတီက စီမံခန့်ခွဲနိုင်သည့် လက်ကျန်ရန်ပုံငွေ အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်အဆင့်ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာတာဝန်ရှိသူ များက လုပ်ငန်းစီမံကိန်းများအလိုက် ရန်ပုံငွေ ခွဲဝေရရှိမှု အခြေအနေများ၊ ထပ်မံတောင်းခံလာသည့် လုပ်ငန်းစီမံကိန်းများအပေါ် ခရိုင်/ မြို့နယ်အဆင့် ကော်မတီများမှ တင်ပြလာသည့် အခြေအနေများ၊ ပထမနှစ်စက်ဝန်းမှ လုပ်ငန်းယူနစ်အလိုက် အတိုး/ အရင်း ကောက်ခံရရှိမှု အခြေအနေများကို အသီးသီးတင်ပြကြရာ တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သုံးသပ်အကြုံပြုဆွေးနွေးတင်ပြကြသည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဒုတိယနှစ်စက်ဝန်း အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ငွေကြေးစီမံခန့်ခွဲမှုများ စနစ်တကျထိန်းသိမ်းဆောင်ရွက် ရေး၊ လုပ်ငန်းယူနစ်များအလိုက် ချေးငွေများ အမြန်ဆုံးခွဲဝေချထား လည်ပတ်နိုင်ရေးနှင့် လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများအကြား ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

ပြည်နယ် (ပြန်/ဆက်)