မိုင်းခတ် သြဂုတ် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၌ ကျောင်းသား၊ ကျောင်းသူများ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အကြောင်းသိရှိပြီး ဗဟုသုတရရှိကြစေရန်ရည်ရွယ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေဆိုင်ရာ အခြေခံအသိအမြင်များအကြောင်း သင်ကြားပို့ချခြင်းကို ယနေ့မွန်းလွဲ (၁) နာရီက အခြေခံပညာအထက်တန်းကျောင်း(မိုင်းခတ်)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးလှမင်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဦးပြည့်ဖြိုးအောင်က ပြည်ထောင်စုရွေးကောက်ပွဲဆိုင်ရာဥပဒေများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေဆိုင်ရာ အခြေခံအသိအမြင်များအကြောင်း သင်ကြားပို့ချကာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်ဦးစီးအရာရှိ ဦးမျိုးဝင်းအောင်က လွှတ်တော်(၃)ရပ်အကြောင်း၊ ရွေးကောက်ပွဲအကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်နှင့် မဲဆန္ဒနယ်များ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခြင်းဆိုင်ရာ သိသင့်သိထိုက်သော အထွေထွေဗဟုသုတများအကြောင်းတို့ကို သင်ကြားပို့ချခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေဆိုင်ရာအခြေခံအသိအမြင်များအကြောင်း သင်ကြားပို့ချခြင်းသို့ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများ၊ G-12 နှင့် G-11 မှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)