မုဒုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ ပြိုင်ပွဲနှင့် နံရံကပ်ပိုစတာပြသခြင်းများဆောင်ရွက်

မုဒုံ သြဂုတ် ၁၅

မွန်ပြည်နယ်မုဒုံမြို့နယ်တွင် ကျောင်သား/သူများ အသိပညာဗဟုသုတများပြည့်စုံစေရန် စာဖတ်ရှိန်မြှင့်တင်ရေး၊ ပြိုင်ပွဲနှင့် ပြပွဲများကို ယမန်နေ့က အ..က(လွန်)ကွမ်တုံစာသင်ကျောင်း၌ ပြုလုပ်သည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီအေးက အဖွင့်အမှာစကားပြောကြားပြီး မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက စာပေဖတ်ရှုလေ့လာခြင်းသည် ဘဝအတွက် အလွန်အရေးကြီးသည့်အချက်ဖြစ်သောကြောင့် ငယ်ရွယ်စဥ်ကတည်းက စာပေဖတ်ရှုလေ့လာမှု အလေ့အကျင့်ကောင်းကို ပြုစုပျိုးထောင်ရမည်ဖြစ်ပါကြောင်း၊ အသိပညာပြည့်ဝပြီး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရေးအတွက် ကျောင်းစာအပြင် ပြင်ပစာပေများကို ဖတ်ရှုလေ့လာကြရန် ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပပေးခဲ့ပြီး ကလေးအလုပ်သမားပပျောက်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးနံရံကပ်ပိုစတာများ၊ စာအုပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူ ၆၀ ဦးတို့မှ စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)