မြောက်ဥက္ကလာပမြို့နယ် ဆုတောင်းပြည့်မယ်လမုဘုရားရှိ အရှင်အာနန္ဒာစာကြည့်တိုက် ရေရှည်ရှင်သန်ဖွံ့ဖြိုးရေးအတွက် စာအုပ်များ လှူဒါန်း

မြောက်ဥက္ကလာပ ဩဂုတ် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ဆုတောင်းပြည့်မယ်လမုဘုရားရှိ အရှင်အာနန္ဒာစာကြည့်တိုက် ရေရှည်ရှင်သန်ဖွံ့ဖြိုးရေးအတွက် စာအုပ်များလှူဒါန်းခြင်း ယနေ့နံနက် ၁၁ နာရီအချိန် အဆိုပါစာကြည့်တိုက်အတွင်း ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာကနှင့် မြို့နယ်စာကြည့်တိုက်များကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်း၀င်းဇော်တို့က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စာကြည့်တိုက်များကြီးကြပ်မှုကော်မတီ အတွင်းရေးမှူးဒေါ်မြမြ၀င်းက စာကြည့်တိုက် ရေရှည်တည်တံ့နိုင်ရေး သုတ၊ ရသ၊ စာကြည့်တိုက် ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့မှုများ၊ မြို့နယ်အတွင်း ရပ်ကွက်၊ ဘုရားစာကြည့်တိုက်အခြေအနေများအတွင်း စာအုပ်စာစောင်ထိန်းသိမ်းမှုများ၊ ရပ်ကွက်စာကြည့်တိုက်များအတွင်း စာအုပ်စာတမ်းများ လှူဒါန်း‌ပေးနေမှုများ၊ စာကြည့်တိုက်မှတ်ပုံတင် ဆောင်ရွက်နေမှုများ၊ စာကြည့်တိုက်များ တိုးပွားနိုင်ရေးအတွက် နိုင်ငံတော်မှ အလေးပေးဆောင်ရွက်နေကြောင်း၊ ရပ်ကွက်စာကြည့်တိုက်များဖွံ့ဖြိုးနိုင်ရေးအတွက် တာ၀န်ရှိသူများက ပူးပေါင်းဆောင်ရွက်မှ ရေရှည်တည်တံ့နိုင်မည်ဖြစ်ပါကြောင်းစသည့်တို့ကို ပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထောက်ပံ့လှူဒါန်းသော စာအုပ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာ၀န်ရှိသူများက လှူဒါန်းပေးအပ်ရာ ဆုတောင်းပြည့်မယ်လမုစေတီတော်မြတ် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးလှကြည်မှ လက်ခံရယူခဲ့ကြသည်။ ယင်းနောက် ဆုတောင်းပြည့်မယ်လမုစေတီတော်မြတ်ကြီး ဘဏ္ဍာထိန်းဂေါပကအဖွဲ့မှ ဦးသန်းအောင်က ကျေးဇူးတင်စကားပြောကြားခဲ့‌ကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)