သာစည်မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

သာစည် ဩဂုတ် ၁၅

မန္တလေးတိုင်း‌ဒေသကြီး သာစည်မြို့နယ်တွင် ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး လူအများရှေ့၌ စကားပြောဆိုရာတွင် ရဲဝံ့စွာပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်သင်းသင်းက ဦးဆောင်၍ လူငယ်စကားဝိုင်းကို စတင်ရာ Grade-10 မှ မသော်တာဝင်းက လူငယ်နှင့်ပညာရေး၊ မောင်အောင်ဘုန်းရှိန်က လူငယ်နှင့်နည်းပညာ၊ GRADE-9 မှ မယွန်းနဒီက လူငယ်နှင့်ကျန်းမာရေး၊ မောင်ဟိန်းထက်ဇံက လူငယ်နှင့်ယဉ်ကျေးမှု၊ မပြည့်ပြည့်ဟံက လူငယ်နှင့်စာရိတ္တခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက အဆိုပါခေါင်းစဉ်များနှင့်ပတ်သက်၍ မိမိတို့အတွေးအမြင်များကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။ ၎င်းနောက် မြို့နယ်ပညာရေးမှူးဦးလှထွန်းက ကျေးဇူးတင်စကားပြောကြားသည်။ ဆက်လက်ပြီး ကျောင်းသား၊ကျောင်းသူများက အသိ ပညာပေးပြသထားသော နံရံကပ်စာစောင်နှင့်ဓာတ်ပုံများ၊ သုတရသစာအုပ်များကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါလူငယ်စကားဝိုင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အ.ထ.က(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီဝင်းနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)