ဇမ္ဗူသီရိ ဩဂုတ် ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနှင့် အခြေခံပညာကျောင်းများမှ စာကြည့်တိုက်မှူးများအား စာကြည့်တိုက်ပညာ (ဆင့်ပွား) သင်တန်း ဖွင့်လှစ်သင်ကြားခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ဇမ္ဗူသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းက သင်တန်းဖွင့်အမှာစကားပြောကြားပြီး၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီလာစိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာကြည့်တိုက်ပညာ(ဆင့်ပွား)သင်တန်းကို ဖွင့်လှစ်သင်ကြားရာ သင်တန်းနည်းပြများအဖြစ် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုး၊ ဒုတိယဦးစီးမှူး ဒေါ်သိင်္ဂီကျော်၊ စာရေးဆရာ မောင်သုတနှင့် စာရေးဆရာ မောင်လေပြေ (တောင်တွင်း)တို့က စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး လက်စွဲစာစောင်ပါ စာကြည့်တိုက်ပညာ၊ စာကြည့်တိုက်အမျိုးအစားများ၊ ထူးခြားသည့် ဝိသေသများ၊ စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေး၊ စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း၊ စာရေးသူ အခြေခံကတ်ပြားပုံစံ(နမူနာ)၊ စာရေးသူကတ်ပြားများ၊ စာငှားစနစ်၊ စစ်ဆေးခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်း၊ မျိုးတူစုပညာရပ်များ၊ စာအုပ်ချုပ်နည်း စသည်တို့ကို ဩဂုတ်လ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး အဆိုပါ သင်တန်းသို့ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များမှ စာကြည့်တိုက်မှူးများနှင့် အခြေခံပညာ ကျောင်းများမှ စာကြည့်တိုက်မှူးများ စုစုပေါင်း (၄၇) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)