တပ်ကုန်းမြို့၌ အာဟာရရက်သတ္တပတ်နှင့် ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှု ဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပ

တပ်ကုန်း ဩဂုတ် ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ဗိုလ်မင်းရောင်အခြေခံပညာအထက်တန်းကျောင်း (ခွဲ) နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အာဟာရရက်သတ္တပတ်နှင့် ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှု ဟောပြောပွဲနှင့် ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းစာသင်ဆောင်တွင် ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် တပ်ကုန်းခုတင် ၁၀၀ ပြည်သူ့ဆေးရုံမှ သွားနှင့်ခံတွင်းဆရာဝန် ဒေါက်တာနိုင်အေးခက်က သွားတိုက်စနစ်မှန်ကန်ရေးနှင့်သွားကျန်းမာရေးအကြောင်း၊ မြို့နယ်ငှက်ဖျားတိုက်ဖျက်ရေးဌာနမှ ငှက်ဖျားအင်စပ္ပက်တော် ဆရာဦးတင်းအေးက ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သည့် ငှက်ဖျားရောဂါ၊ ဆင်ခြေထောက်ရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါများနှင့် ပိုးလောက်လမ်းများ နှိမ်းနင်းရေး အကျယ်တဝင့်ဟောပြောခဲ့ပြီးနောက် သွားကျန်းမာရေးရှိသည့် ကျောင်း သား၊ ကျောင်းသူကလေးငယ်များအား ကုသဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တန်ဖိုးနည်းအစားအစာအုပ်စု၊ ခန္ဓာကိုယ်ကြီးထွားစေသော အစားအစာအုပ်စု၊ အင်အားဖြစ်သော အစားအစာအုပ်စု၊ ရောဂါကာကွယ်စေသော အစားအစာအုပ်စု၊ သန့်လေးသန့်၊ ဖုံး၊ သွန်၊ လဲ၊ စစ် အဖွဲ့လိုက်ပြိုင်ပွဲများနှင့် လတ်ဆတ်သန့်ရှင်းသည့် အသုပ်စုံအဖွဲ့လိုက်ပြိုင်ပွဲများ ကျင်းပခဲ့ပြီးနောက် ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူအဖွဲ့များအား ဗိုလ်မင်းရောင် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းနွမ်ခမ်းနှင့် တာဝန်ရှိသူများက ဆုငွေများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်