တာချီလိတ် ဩဂုတ် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ ဩဂုတ် ၁၃ ရက် ည ၇ နာရီခွဲခန့်မှစ၍ အနိမ့်ပိုင်းရပ်ကွက်များတွင် ဒုတိယအကြိမ် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး ယနေ့ မွန်းလွဲပိုင်းအထိ ရေများပြန်လည်ကျဆင်းခြင်းမရှိသေးသောကြောင့် ခရိုင်နှင့်မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏ဦးဆောင်မှုဖြင့် ရေဘေးသင့်ပြည်သူများအား ဒုတိယနေ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရေကြီးရေလျှံမှုဖြစ်ပေါ်နေသော ပုန်းထွန်၊ တာလော့၊ မကာဟိုခမ်း၊ ဝမ်ကောင်း၊ ဆန်ဆိုင်း(က)၊ ဆန်ဆိုင်း(ခ)နှင့် မယ်ခေါင်ရပ်ကွက်ရှိ ဒေသခံပြည်သူများအတွက် အောင်မြတ်ခန်းမတွင် ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိရာ အလှူရှင်များက လာရောက်လှူဒါန်းပေးလျက်ရှိပြီး ရေဘေးသင့်ပြည်သူများအား တစ်ရက်လျှင် ရေသန့်ဘူး၊ မုန့်ထုပ်နှင့် ထမင်းထုပ် ၂၈၀၀ မှ ၃၅၀၀ ထုပ်ခန့်ကို ခရိုင်နှင့်မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် အလှူရှင်များက လိုက်လံဝေငှပေးခြင်းနှင့် လိုအပ်သော ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တာချီလိတ်မြို့၏ စိုးရိမ်ရေမှတ်သည် ၃၉၀ စင်တီမီတာ (၁၂.၈၀ ပေ)ဖြစ်ပြီး ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် တိုင်းတာချက်များအရ ၃၈၆ စင်တီမီတာသို့ရောက်ရှိနေကြောင်း သိရသည်။
သန်းဇော်(ပြန်/ဆက်)