နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပျဉ်းမနားမြို့နယ်တွင် ကောက်စိုက်စက်ကြီးများဖြင့် မိုးစပါးစိုက်ပျိုးနေမှုကို သွားရောက် ကြည့်ရှုအားပေး၊ သုတအလင်း စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနား တက်‌ရောက်

နေပြည်တော် ဩဂုတ် ၁၅

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဦးမြင့်စိုးနှင့် ဦးမင်းဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ ညနေပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ လယ်ဝေး-ဥသျှစ်လှိုင်း ကျေးရွာသွားလမ်းရှိ လမ်းဦးစီးဌာန(ကြီးကြပ်ရေးအဖွဲ့)မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မဒေါ့ပင်အုပ်စု၊ ဂုဏ်မင်းမြှောင်ကျေးရွာအဝင်၊ တံတားအမှတ်(၃/၇) ယာယီဘေလီတံတား ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးရာ တံတားဆောင်ရွက်နေမှုအခြေအနေများကို လမ်းဦးစီးဌာန(ကြီးကြပ်ရေးအဖွဲ့) ညွန်ကြားရေးမှူး ဦးသိန်းသန်းထွန်းက ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တံတားခိုင်ခံ့ကောင်းမွန်ရေး၊ သတ်မှတ်ရက်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရေးနှင့် လိုအပ်သည်များကို မှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် လယ်ဝေး-ဥသျှစ်လှိုင်း ကားသွားကားလမ်းတစ်လျှောက် လမ်းများပျက်စီးနေမှုအခြေများအား ကြည့်ရှုစစ်ဆေးပြီး ပျက်စီးနေသည့် လမ်းပိုင်းများအား အမြန်ဆုံးပြုပြင်ဆောင်ရွက်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ပျဉ်းမနားမြို့နယ်၊ မယ်ဇလီကုန်းကျေးရွာအုပ်စု၊ မယ်ဇလီကုန်းကျေးရွာ ကွင်းအမှတ် (၁၆၆၃)တွင် မိုးစပါးစိုက် ဧက ၅၀ တွင် နေပြည်တော်စက်မှုလယ်ယာဦးစီးဌာနမှ ကောက်စိုက်စက်ကြီးများဖြင့် မိုးစပါးစိုက်ပျိုးနေမှုကို သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းလမ်းလေးသွယ်ကို လစ်ဟာမှုမရှိအောင် စနစ်တကျ လိုက်နာဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေးနှင့် သီးထပ်စွမ်းအားများ တိုးတက်လာစေရေးတို့ကို ဆောင်ရွက်ကြစေလိုကြောင်း၊ စက်စွမ်းအားပြည့်ဖြင့် လယ်ယာမြေများအား စိုက်ပျိုးပေးနိုင်ရေး၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေး၊ မျိုးကောင်း မျိုးသန့်များ အသုံးပြုနိုင်ရေးတို့ကို အလေးထားဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

ယင်းနောက် ဌာနဆိုင်ရာတာဝန်ရှိသူများက သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ သီးထပ်စွမ်းအားတိုးတက်ရေးနှင့် စိုက်ပျိုးသင့်သည့် သီးနှံ ပုံစံများ၊ ပျိုးဗန်းများဖြင့် စပါးမျိုးများကို ပျိုးထောင်မှုစနစ်များ၊ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးပေးနေမှုများ၊ စိုက်ပျိုးရေပေးနေမှုအခြေအနေများကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တက်ရာက်လာကြသည့် တောင်သူများက လက်ရှိ စိုက်ပျိုးနေသည့် သီးနှံများ၏ အထွက်နှုန်းများနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ဇီးဖြူပင်ကျေးရွာ၌ သုတအလင်းစာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားသို့ တက်ရာက်ခဲ့သည်။

ဦးစွာ သုတအလင်းစာကြည့်တိုက်အဆောက်အဦအသစ်ကို နေပြည်တော် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ပျဉ်းမနားခရိုင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦးနှင့် ဇီးဖြူပင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် နေပြည်တော် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက စာကြည့်တိုက်ဆိုင်ရာအချက်အလက်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးထံလွှဲပြောင်းပေးအပ်ပြီး စာကြည့်တိုက်အတွက် စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းရာ  စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးတင်ကိုက လက်ခံရယူခဲ့သည်။

ဆက်လက်၍ နေပြည်တော် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး စာကြည့်တိုက်အတွင်း လူငယ်လူရွယ်များ စာပေဖတ်ရှုလေ့လာနေမှုနှင့် စာအုပ်စာစောင်များထားရှိမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှု ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် စာပေဖတ်ရှုလေ့လာခြင်းမှ အသိပညာဗဟုသုတများစွာရရှိနိုင်သဖြင့် စာအုပ်စာပေလေ့လာဖတ်ရှုရာတွင် ဖတ်ရှုရုံသက်သက်မလုပ်ဘဲ ဖတ်သမျှကို မှတ်သားခြင်း၊ မှတ်သားမိသမျှကိုလည်း ပြန်လည်မျှဝေဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သို့မှသာ အမှား/ အမှန်ကို ဝေဖန်သုံးသပ်နိုင်ကာ အသိပညာဗဟုတကြွယ်ဝပြီး နောင်တစ်ချိန်တွင် တိုင်းပြည်က အားကိုးအားထားပြုရမည့် နိုင်ငံ့သားကောင်းများပေါ်ထွန်းလာမည်ဖြစ်ကြောင်း၊ လူငယ်များအပါအဝင် ပြည်သူများအားလုံး စာဖတ်ကြရန်နှင့် စာပေလေ့လာဖတ်ရှုနိုင်မည့် ပတ်ဝန်းကျင်များဖန်တီးပေးရန် ယခုလို ကျေးရွာစာကြည့်တိုက်များ တည်ဆောက်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် စာကြည့်တိုက်များသို့ သွားရောက်၍ စာပေဖတ်ရှုရန်အတွက် ရပ်မိ၊ ရပ်ဖများ၊ အုပ်ထိန်းသူများအနေဖြင့်လည်း လူငယ်များ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရေးကို ဝိုင်းဝန်းနှိုးဆော်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ကျေးရွာစာကြည့်တိုက် ရေရှည်ခိုင်မာပြီး ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေး၊ စာအုပ်စာစောင်များ ဆက်လက်တိုးပွားရရှိစေရေးလုပ်ငန်းများနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ပျဉ်းမနား-ညောင်ပင်သာ ကျေးရွာနှင့် မွန်းတည့်ခွင်သို့ ဆက်သွယ်ထားသည့် ကတ္တရာလမ်းပါ်တွင် လမ်းပြုပြင်ဆောင်ရွက်နေမှုအခြေအနေများနှင့် တံတားအမှတ်(၂/၂၀) ၆၀ ပေ တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လုပ်ငန်းများ သတ်မှတ်ကာလအတွင်းပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီစေရေး၊ ရေရှည်ခိုင်ခံစေရေးတို့ကို အလေးထားဆောင်ရွက်စေလိုကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ပျဉ်းမနားမြို့၊ ခေမာသီဝံကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တတေဇနိယ မဟာထေရ်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကာ ဆရာတော်ထံမှ ကိုးပါးသီးလခံယူဆောက်တည်ကြပြီး ဝါတွင်းကာလ ဝါဆို၊ ဝါကပ်ကြမည့် သံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများကို  ဆက်ကပ်လှူဒါန်းကာ အနုမောဒနာတရားနာကြားပြီး ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန် သာယာလှပရေးနှင့် ရေလယ်ဘုရားကျောင်းဆောင် တည်ဆောက်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။ 

ထွန်းထွန်းဝင်း(ပြန်/ဆက်)